ဟောလိုဝင်းပါတီမှာ လူတွေ အစုလိုက် သေဆုံးခဲ့မှု ဖြစ်စဉ်အတွက် ဆိုးလ်မြို့ ရဲတပ်ဖွဲ့ အကြီးအကဲ စွဲချက်တင်ခံရ

ဇန်နဝါရီ ၊ ၂၀

လွန်ခဲ့တဲ့ တနှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ ဟောလိုဝင်းကာလ လူတွေ အစုအပြုံလိုက် သေဆုံးမှုမှာ တာဝန် ပေါ့ဆခဲ့တာကြောင့် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲဟာ တရားရေးအရ စွဲချက်တင် ခံလိုက်ရပါတယ်။

 အီထယ်ဝန် ဖြစ်ရပ်ဆိုးလို့ လူသိများတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ပေါ့ဆ ပျက်ကွက်တဲ့ အရာရှိတွေကို စွဲချက်တင်မှုတွေ ရှိခဲ့ပြီး ဆိုးလ်ရဲတပ်ဖွဲ့ အကြီးအကဲ ကင်ကွမ်ဟိုကတော့ ရာထူးအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်လာပါတယ်။

 ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့က ဆိုးလ်မှာရှိတဲ့ လူစည်ကားရာ အီထယ်ဝန် ရပ်ကွက်မှာ ဟောလိုဝင်း ပျော်ပွဲရွှင်ပွဲအဖြစ် လူတသိန်းလောက် စုဝေးခဲ့ရာက လမ်းကြားတနေရာမှာ ပြွတ်သိပ် တိုးဝှေ့မိကြရင်း အသက်ရှူ မွန်းကျပ်မှုတွေကြောင့် လူငယ် အများစု အပါအဝင် ၁၅၉ ဦး သေဆုံးခဲ့ပါတယ်။

 အဲဒီလောက် လူတွေအများကြီး ရှိနေတဲ့ နေရာမှာ လုံလောက်တဲ့ လုံခြုံရေးအင်အား ဖြန့်ကျက်ပေးထားမှု မရှိခဲ့တဲ့အပေါ် ဆိုးလ်မြို့တော် ရဲတပ်ဖွဲ့ဟာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။ ရဲတွေကတော့ အဲဒီညက မြို့ရဲ့ တခြားနေရာမှာ ဆန္ဒပြပွဲတခု ရှိနေတာကြောင့် အင်အားခွဲဝေ ပေးပို့ထားရတာလို့ အကြောင်းပြခဲ့ပါတယ်။

 ကင်ကို စွဲချက်တင်လိုက်တာနဲ့ ပတ်သက်လို့ သေဆုံးသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေက ကြိုဆိုကြောင်း ပြောပေမယ့် ဒီကိစ္စဟာ အစောကြီးကတည်းက ဖြစ်သင့်ခဲ့ပြီး ကင်ဟာ ရာထူးက ချက်ချင်း ဖယ်ရှားခံထိုက်တယ်လို့ ဝေဖန်နေကြပါတယ်။

 ကင်ဟာ အောက်တိုဘာ ၂၉ ရက်နေ့ ကတည်းက ရာထူးကနေ ဆိုင်းငံ့ခံထားရပြီး ရုံးမတက်ရတော့ပါဘူး။ ဆိုးလ်ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အဲဒီညက အီထယ်ဝန်မှာ တပ်ဖွဲ့ဝင်အင်အား ၁၃၇ ဦး ဖြန့်ကျက်ပေးထားခဲ့တယ်လို့ သိရပါတယ်။

 အီထယ်ဝန်က ဟောလိုဝင်း ပါတီမှာ သေဆုံးသူ အများစုဟာ အသက် ၂၀ ဝန်းကျင် အရွယ်တွေ ဖြစ်ကြပါတယ်။ လူတွေ မွန်းကျပ်ပြီး လဲကျကုန်တာ၊ သေဆုံးတာတွေ ဖြစ်ပေါ်ချိန်မှာ ဆိုးလ်ရဲတပ်ဖွဲ့ဆီ အရေးပေါ် ဖုန်းဆက် အကူအညီ တောင်းခံမှုတွေ ရှိခဲ့ပေမယ့် ထိရောက်မြန်ဆန်တဲ့ တုံ့ပြန်မှုမျိုး မမြင်ခဲ့ရကြောင်းလည်း မျက်မြင်တွေက စွပ်စွဲပါတယ်။ နောက်ဆက်တွဲ စစ်ဆေးမှုတွေအရ ဌာနအချင်းချင်း ချိတ်ဆက်မှု နှေးကွေးတာ၊ သတင်းပို့ဆောင်မှု နှောင့်နှေးတာတွေကလည်း အကူအညီတွေ ကြန့်ကြာခဲ့မှုရဲ့ အဓိက အကြောင်းတရားတခု ဖြစ်ခဲ့တယ်လို့ ဖော်ထုတ်တွေ့ရှိလာခဲ့ပါတယ်။

 Ref: CNA