တရုတ် စာသင်ကျောင်းမှာ အဆောင်မီးလောင်လို့ တဒါဇင်ကျော် သေဆုံး

ဇန်နဝါရီ ၊ ၂၀

တရုတ်နိုင်ငံက ကျောင်းတကျောင်းမှာ အဆောင်မီးလောင်မှုကြောင့် လူပေါင်း တဒါဇင်ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဇန်နဝါရီ ၁၉ ရက် ညပိုင်းမှာ နိုင်ငံ အလယ်ပိုင်း၊ ဟီနန်ဒေသက ကျောင်းတကျောင်းမှာ မီးလောင်မှု ဖြစ်ခဲ့တာလို့ ဖော်ပြသွားပါတယ်။

ယန်ရှန်ပူ ရွာထဲက ယင်ခိုင် စာသင်ကျောင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့က အလျင်အမြန် သွားရောက်ပြီး မီးငြှိမ်းသတ်ခဲ့ပေမယ့် အသေအပျောက် ၁၃ ဦးထိ ရှိခဲ့တာ အတည်ပြုနိုင်ကြောင်း ရှင်ဟွာက ဆိုပါတယ်။

 သေဆုံးသူတွေအပြင် ဒဏ်ရာရခဲ့သူ တဦးလည်း ရှိခဲ့ပြီး အခုတော့ ဆေးရုံကို တင်ပို့ထားကြောင်း၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားကိုတော့ ကျော်လွန်ခဲ့ပြီဖြစ်ကြောင်းလည်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

 သေဆုံးသူ ၁၃ ဦးထဲမှာ ကလေးအရေအတွက် ဘယ်လောက်ထိ ပါဝင်ခဲ့သလဲ ဆိုတာကိုတော့ ရှင်ဟွာက တိတိကျကျ ရေးသားမထားပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေက မီးလောင်ကျွမ်းမှု အကြောင်းရင်းကို ဆက်လက် စုံစမ်းနေဆဲလို့ ပြောပါတယ်။

 တရုတ်မှာ ကျောင်းတွေရဲ့ တည်ဆောက်မှုနဲ့ လုံခြုံရေး စံနှုန်းတွေကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သိသိသာသာ မြှင့်တင်လာပေမယ့် အသေအပျောက် များပြားတဲ့ မတော်တဆမှု သတင်းတွေ မကြာခဏ ကြားနေရဆဲပါ။ မနှစ်က ဇူလိုင်လမှာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ကျောင်းတကျောင်းရဲ့ အားကစားရုံအမိုး ပြိုကျမှုကြောင့် ကလေးတွေ အများစု အပါအဝင် ၁၁ ဦး သေဆုံးခဲ့ပါတယ်။

 အခု မီးလောင်မှု ဖြစ်ပွားတဲ့ ယန်ရှန်ပူရွာဟာ လူဦးရေ ၁၀ သန်းနီးပါးလောက် နေထိုင်ရာ နန်ယန်မြို့ရဲ့ ဆင်ခြေဖုံး ဧရိယာမှာ တည်ရှိပါတယ်။ မီးလောင်မှု ​နောက်ဆက်တွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ ကျောင်းဖက်က အသေးစိတ် ထုတ်ပြန်တာတွေ မရှိသေးဘဲ အဲဒီလို ပွင့်လင်းမြင်သာမှု အားနည်းတဲ့အပေါ် တရုတ် လူမှုကွန်ရက် သုံးစွဲသူတွေက ဝေဖန် ပြောဆိုတာတွေလည်း မြင့်တက်နေပါတယ်။

 Ref: Xinhua