အာဏာသိမ်းကာလ သုံးနှစ်ပြည့်လု မြန်မာ့တော်လှန်ရေး အလားအလာများ

ဇန်နဝါရီ ၊ ၂၀

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရခဲ့တာကို ငြင်းပယ်ပြီး မြန်မာ စစ်တပ်က အာဏာသိမ်းခဲ့တာဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်မြောက်ပါတော့မယ်။ အာဏာသိမ်းပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံဟာ ကြမ်းတမ်း ခက်ထန်ပြီး ပေးဆပ်မှုတွေ များလွန်းတဲ့ ပြည်တွင်းစစ်မီးထဲ ထိုးဆင်းသွားခဲ့ပြီး လက်ရှိ အချိန်ထိလည်း ပဋိပက္ခတွေ အဆုံးသတ်သွားမယ့် အရိပ်အရောင် မတွေ့ရသေးပါဘူး။ နှစ်ဖက်စလုံးကလည်း ကိုယ်စီ စစ်ရေး ရည်မှန်းချက်တွေ အထမြောက်​ အောင်မြင်တဲ့ထိ ဆက်ပြီး တိုက်ပွဲဝင်မယ်လို့ ကြုံးဝါးထားကြပါတယ်။

မြန်မာနိုင်ငံမှာ ဂိုဏ်းဂဏ ကွဲပြားတဲ့ တော်လှန်ရေး အင်အားစုတွေဟာ မူဝါဒရေးရာ သွေးကွဲမှုတွေကြောင့် သိပ်အစေးမကပ်ခဲ့ကြပါဘူး။ ဒါပေမဲ့လည်း မကြာသေးခင် လပိုင်းတွေအတွင်း တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်နိုင်စွမ်းတွေဟာ မကြုံစဖူး အခြေအနေမျိုးထိ အချိတ်အဆက် မိလာခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု (EAO) တချို့ရဲ့ ပီပီပြင်ပြင် ဦးဆောင်မှုနဲ့အတူ ပူးပေါင်း စစ်ဆင်ရေးတွေ၊ ညှိနှိုင်း တိုက်ခိုက်မှုတွေဟာ နိုင်ငံပိုင်နက်ရဲ့ သုံးပုံနှစ်ပုံလောက်မှာ ရုပ်လုံးပေါ်လာနေပြီး ထိရောက်ထင်ရှားတဲ့ စစ်ရေး အောင်မြင်မှု ရလဒ်တွေကိုပါ ပိုင်ဆိုင်လာနေပါတယ်။

စစ်တပ်ဟာ လူဦးရေ အရမ်းထူထပ်ပြီး စီးပွားရေးအရ အချက်အခြာကျတဲ့ နိုင်ငံအလယ်ပိုင်း ပြည်မ ဒေသတွေကို ဆက်လက် ထိန်းချုပ်ထားဆဲပါ။ ဒါပေမဲ့လည်း တိုက်ပွဲပြင်းထန်ရာ စစ်မြေပြင်တွေမှာတော့ ဘယ်တုန်းကမှနဲ့ မတူတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်လာနေရပါတယ်။ အကျိုးဆက် အနေနဲ့၊ အနည်းဆုံး ရေတိုကာလလောက်ဖြစ်ဖြစ် စစ်တပ်ဟာ နိုင်ငံရဲ့ အစွန်အဖျားနဲ့ တိုင်းရင်းသား နယ်မြေတွေကို ဆုံးရှုံးရမယ့် အခြေအနေဆီ ဦးတည်လာနေပါတယ်။ အဲဒီထဲမှာ အိန္ဒိယ၊ တရုတ်၊ ထိုင်းတို့နဲ့ ထိစပ်နေရာ အရေးကြီးတဲ့ နယ်စပ် ကုန်သွယ်ရေး အချက်အခြာ နေရာတွေပါ ပါဝင်လာနိုင်ပါတယ်။

စစ်မြေပြင် အခြေအနေတွေကို အကြောင်းပြုပြီး စစ်တပ်ဟာ ပြိုကျသွားတော့မယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ပြောဖို့ စောလွန်းနေသေးသလို တချို့ ကောက်ချက်တွေကလည်း အချက်အလက် မှားယွင်းမှုတွေဆီ ဦးတည်သွားနိုင်ပါတယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ မျက်နှာပြောင်တိုက် အရေထူမှုကို နည်းနည်းလေးမှ လျှော့မတွက်သင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ၃ လလောက်အတွင်း ပြဇာတ်ဆန်ဆန် အလှည့်အပြောင်းတွေ ဖြစ်လာတဲ့ တော်လှန်ရေး ဒီရေကြောင့် စိတ်ဝင်စားစရာ မေးခွန်းတချို့ကတော့ ထွက်ပေါ်လာပါတယ်။

စစ်အာဏာရှင်တွေကို ကြံ့ကြံ့ခံ တွန်းလှန်ဖို့ တော်လှန်ရေး အင်အားစုတွေအတွက် ဘာတွေ လိုအပ်လာမလဲ။ ဒါမှမဟုတ် ဘယ်လို အပြောင်းအလဲတွေ လိုအပ်မလဲ ဆိုတာမျိုးတွေပေါ့။

မြန်မာနိုင်ငံရဲ့ ထုံးစံအတိုင်း ဒါမျိုး မေးခွန်းတွေကို ဖြေဖို့ မလွယ်သလို အရမ်းလည်း ရိုးရှင်းမနေပါဘူး။ ဒါပေမဲ့ တချို့သော ဖြစ်နိုင်ခြေတွေဟာ လက်တွေ့ အကောင်အထည် ပေါ်လာမယ်ဆိုရင် နောက်ဆက်တွဲ ဖြစ်လာမယ့် အလားအလာတွေကို အတော်လေး ထင်ထင်ရှားရှား မြင်သာနေပါတယ်။

ပထမဆုံး အနေနဲ့ လောလောဆယ် အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ တော်လှန်ရေး အဖွဲ့တွေဟာ နိုင်ငံရေး အမြင်ကွဲပြားမှုတွေကို ဘေးဖယ်ပြီး စစ်တပ် အုပ်စိုးမှုအလွန် ကာလမှာ မြန်မာနိုင်ငံရဲ့ အနေအထားက ဘယ်လို ဖြစ်သင့်သလဲ၊ ဘယ်လို စီမံ အုပ်ချုပ်မလဲ ဆိုတာတွေကို ကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေ စသင့်နေပါပြီ။ ဒါမျိုး ဆွေးနွေးရုံနဲ့ တော်လှန်ရေး အင်အားစုတွေကြားမှာ တည်ရှိနေတဲ့ တင်းမာမှုတွေ အကုန်အစင် ပျောက်ကွယ်သွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်တပ်ကို ဖြုတ်ချရေး ဆိုတာ တခုတည်းထက်ပိုတဲ့ ဘုံရည်မှန်းချက်တွေကို ဖော်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယ အနေနဲ့ကတော့ အာဏာသိမ်း စစ်ကောင်စီကို ပြိုင်ဆိုင် ရပ်တည်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တခြား အတိုက်အခံ အင်အားစုတွေ၊ ဥပမာ အရေးပါတဲ့ EAOတွေကို နိုင်ငံတကာ တရားဝင် အသိအမှတ်ပြု ဆက်ဆံလာတာမျိုးတွေဟာ စိတ်ဓာတ်ရေးရာ ပံ့ပိုးမှုတွေ ဖြစ်စေနိုင်ပြီး လက်တွေ့ကျတဲ့ အထောက်အပံ့ကောင်းတွေလည်း ပေါ်လာစေနိုင်ပါတယ်။ တရုတ်နဲ့ ရုရှားတို့လို နိုင်ငံတွေကတော့ စစ်အာဏာရှင်တွေကို ကျောခိုင်းမယ့်ပုံ မပေါ်ပါဘူး။ ဒါပေမဲ့ အခြေအနေ အလှည့်အပြောင်းတွေအပေါ် မူတည်ပြီး သံတမန်ရေးအရ ခပ်ခွာခွာ နေတာ၊ စစ်အာဏာရှင်ရဲ့ တရားဝင်မှုကို ငြင်းဆိုတာမျိုးတွေတော့ ရှိနိုင်ပါတယ်။

တတိယ ကိစ္စကတော့ နိုင်ငံတကာ အသိအမှတ် ပြုမှုကို ရလာမယ်ဆိုရင် NUGဟာ ရန်ပုံငွေနဲ့ တခြား အထောက်အပံ့တွေ စီးဝင်မှုကို ချောမွေ့စေတဲ့ ကောင်းကျိုးတွေ ရရှိလာနိုင်ပါတယ်။ ပြီးတော့ တခြား အင်အားကြီး EAOတွေနဲ့ တိုက်ရိုက်ကျတဲ့ ဆက်ဆံရေးတွေလည်း ထူထောင်လာနိုင်ခြေ ရှိပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေဟာ ပေါ့ပျက်ပျက်နိုင်ပြီး မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိနေကျ ဖြစ်ပေမယ့်လည်း စစ်တပ်ရဲ့ အဖိုးတန် ဘဏ္ဍာရေး အရင်းအမြစ်တွေကို ထိုးနှက်နိုင်တယ် ဆိုတာကိုလည်း ငြင်းလို့တော့ မရပါဘူး။

စတုတ္ထမြောက် ပြောစရာ အချက်က စစ်ရှောင် ပြည်သူတွေနဲ့ စစ်ဘေး ဒုက္ခသည်တွေကို လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့ဖို့အတွက် အတိုက်အခံ အင်အားစုတွေကနေတဆင့် ဆက်သွယ် ဆောင်ရွက်ခြင်းဟာ NUGနဲ့ တခြားသော တော်လှန်ရေး အဖွဲ့တွေက အကန့်အသတ် ဖြစ်နေတဲ့ ငွေကြေး အရင်းအမြစ်ကို စစ်လက်နက်တွေ ဝယ်ယူရေးနဲ့ စစ်ရှောင်တွေကို ထောက်ပံ့ရေးအတွက် မျှဝေ သုံးစွဲလို့ ခေါင်းခြောက်နေရတဲ့ ပြဿနာကို အများကြီး ပြေလည်သွားစေနိုင်ပါတယ်။ လတ်တလော စစ်ဆင်ရေးတွေရဲ့ အောင်မြင်မှုကြောင့် လက်နက်နဲ့ ခဲယမ်းတွေ အများအပြား သိမ်းဆည်းရမိခဲ့တယ် ဆိုဦးတော့၊ ကုံလုံပြည့်စုံတဲ့ အတိုင်းအတာထိ ဖြည့်တင်းဖို့ ဆိုတာက အခက်အခဲတွေ ရှိနေတုန်းပါပဲ။

ပဉ္စမ အချက်က NUG လက်အောက်ခံ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PDF)ဟာ ပိုပြီး ခေတ်မီ ဆန်းသစ်တဲ့ စစ်လက်နက်တွေ လိုအပ်နေပါတယ်။ အထူးသဖြင့် ပခုံးထမ်း လေကာဒုံး (Manpad)တွေနဲ့ တင့်ဖျက် လက်နက်တွေကို အရေးတကြီး လိုအပ်နေတာ မြင်သာပါတယ်။ စစ်လက်နက် hardwareပိုင်း သက်သက်နဲ့ပဲ တော်လှန်ရေး အောင်မြင်မှု အလားအလာကို ဆုံးဖြတ်လို့ မရပေမယ့် မှန်ကန်ထိရောက်တဲ့ စစ်လက်နက် ရွေးချယ်မှု၊ အားကောင်းတဲ့ လေ့ကျင့်ပေးမှုတွေဟာ စစ်မြေပြင်မှာ ချိန်ခွင်လျှာ အလှည့်အပြောင်းတွေကို အများကြီး ဖြစ်ပေါ်စေနိုင်ပါတယ်။

ဆဋ္ဌမ အနေနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ထိုင်ခုံမြဲရေး မမြဲရေး ဆိုတာဟာ လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ သစ္စာစောင့်သိမှုအပေါ် အများကြီး မူတည်တယ်။ တကယ်လို့သာ တပ်မတော် (စစ်တပ်)ရဲ့ တိုက်ခိုက်ရေး တပ်အင်အား အစိတ်အပိုင်း တခုခုသာ တော်လှန်ရေးဖက်ကို ကူးပြောင်းသွားမယ်ဆိုရင် ကြုံလာမယ့် အရှုပ်အထွေးတွေရဲ့ ခြိမ်းခြောက်မှုက အတော်ကြီးမားပါလိမ့်မယ်။ အမိန့်ပေး ထိန်းချုပ်မှု စနစ် ပျက်ယွင်းလာတာ၊ ဒါမှမဟုတ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ထဲမှာ သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်လာတာမျိုး အခြေအနေ မှန်သမျှဟာ စစ်ဗိုလ်ချုပ်တွေကို ဘေးကျပ်နံကျပ် အခြေအနေဆီ တွန်းပို့ပါလိမ့်မယ်။

သတ္တမမြောက် တွေးသင့်တဲ့ ကိစ္စက စစ်တပ်ရဲ့ ထိပ်ပိုင်း အရာရှိတွေကြား အရေးကြီးတဲ့ ကိစ္စတွေ၊ အထူးသဖြင့် ခုခံစစ်ပွဲတွေကို ချိုးနှိမ်ဖို့ အကောင်းဆုံး ဗျူဟာ ရွေးချယ်တဲ့ အပိုင်းတွေမှာ အမြင်မတူတာ၊ ငြင်းခုံတာတွေ ရှိလာခြင်းဟာ တော်လှန်ရေးကို သွယ်ဝိုက်ပြီး အကျိုးပြုလာနိုင်ပါတယ်။ တော်လှန်ရေးဖက်မှာ ပိုပြီး အချိတ်အဆက် မိလာတဲ့အချိန် အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကြားမှာ တင်းမာမှုတွေ ရှိလာရင် ဘယ်သူ့ဖက်မှာ အားသာချက်တွေ ရလာမလဲ ဆိုတာကို လွယ်လွယ်လေး တွေးကြည့်လို့ ရပါတယ်။

တက်ကြွ လှုပ်ရှားသူတွေသာ မကဘဲ ဝါရင့် လေ့လာ စောင့်ကြည့်သူ တချို့ကပါ NUGအတွက် စစ်လက်နက် ထောက်ပံ့မှုလို ခြေလှမ်းသစ်တွေ စတင်သင့်နေပြီလို့ နိုင်ငံတကာကို တွန်းအားပေး တောင်းဆိုလာကြပါတယ်။ အစိုးရ အသီးသီးဟာ အဲဒီ စိတ်ကူးမျိုးကို လက်ကိုင်ထားဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းနဲ့ တော်လှန်ရေးဟာ လက်ရှိ အရှိန်အဟုန်ကောင်းကို အခြေပြုပြီး ပိုမို စုစည်းလာရင်း စစ်တပ်ကို ပိုမို ထိထိရောက်ရောက် ထိုးနှက်နိုင်မှာဖြစ်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

 ဒါပေမဲ့လည်း အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့အတူ အဲဒီ ထောက်ခံ တောင်းဆိုမှုတွေ အများစုက အထမြောက်ဖို့ လမ်းမမြင်ပါဘူး။

ဒီနေ့ ဒီအချိန်ထိ နိုင်ငံတကာ အသိုက်အဝန်းဟာ လိုလားထောက်ခံမှု အရိပ်အယောင်တချို့ ပြတာကလွဲလို့ မြန်မာ့ ပြည်တွင်းစစ်နဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို ခပ်ခွာခွာ ရှောင်ဖယ်ထားကြဆဲ ဖြစ်ပါတယ်။ NUGရဲ့ တရားဝင်မှုကို အသိအမှတ်ပြုဖို့၊ ပြည်တွင်းက EAOတွေကို တိုက်ရိုက် ဆက်သွယ်ဖို့ ငြင်းပယ်နေကြတုန်းပါပဲ။ အိမ်နီးချင်း နိုင်ငံ အစိုးရတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း နယ်စပ်ကို ဖြတ်ကျော်ပြီး အတိုက်အခံ အင်အားစုတွေဆီကနေတဆင့် အထောက်အပံ့တွေ ပေးပို့ရေးကိုလည်း တွန့်ဆုတ် ဝန်လေးနေကြပြန်ပါတယ်။

 

အဲဒီလို ခရီးမရောက်တဲ့ ချဉ်းကပ်မှုတွေနဲ့ ပတ်သက်ရင် သက်ဆိုင်ရာ အာဏာပိုင်တွေ ဆင်ခြေပေးလေ့ ရှိတာက သံတမန်ရေးရာ လုပ်ထုံးလုပ်နည်းတွေနဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်ကို ချိုးဖောက်သလို ဖြစ်သွားနိုင်လို့ ဆိုတာတွေပါပဲ။ ဒါပေမဲ့လည်း တကယ်တမ်းကျတော့ ကိုယ့်အတွက်ကိုယ် ဗဟိုပြု စဉ်းစားတဲ့ သဘောတရားကသာ အဓိက ကျနေပါတယ်။ တော်လှန်ရေးကို ထောက်ခံပါတယ်လို့ ဘယ်လောက်ပဲပြောပြော၊ စစ်တပ် ကြီးစိုးမှု ရှည်ကြာနေမှာကို ဘယ်လိုပဲ စိုးရိမ်ပါစေ နိုင်ငံတကာ အစိုးရတွေဟာ မြန်မာ့အရေးမှာ တိုက်ရိုက် ပါဝင်ဖို့ စိတ်မပါကြပါဘူး။

 တကယ်တော့ မြန်မာ့ ပဋိပက္ခဟာ ဘယ်ဖက်က ရပ်တည်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ရင် အရမ်းရိုးရှင်းတဲ့ ရွေးချယ်ခွင့်မျိုး ပေးထားပြီးသားပါ။ မြန်မာ ပြည်သူတွေအပေါ် အဓမ္မ ဖိနှိပ်နေတဲ့ဖက်နဲ့ ပိုမို ပွင့်လင်းတဲ့၊ လူသားဆန်တဲ့ ဒီမိုကရေစီ ပြည့်ဝတဲ့ လူ့အဖွဲ့အစည်းမျိုး ထူထောင်ဖို့ အားထုတ် ရုန်းကန်နေတဲ့ဖက် ကြားထဲမှာ ရွေးချယ်ရုံပါပဲ။ ဒါပေမဲ့ တဖက်မှာလည်း ပြည်တွင်းစစ်ရဲ့ သဘောသဘာဝက သိမ်မွေ့ ရှုပ်ထွေးလွန်းနေပြီး မပြတ်မသား ကိစ္စတွေ၊ ရှေ့နောက်မညီတဲ့ အခြေအနေတွေကြောင့် မူဝါဒရေးရာ ဆုံးဖြတ်သူတွေကို အခက်တွေ့နေစေပြန်တယ်။ နောက်တချက်က ပြည်ပ ဝင်ရောက် စွက်ဖက်မှုတွေကြောင့် တော်လှန်ရေးဟာ အများလက်ခံနိုင်တဲ့ နောက်ဆုံးရလဒ်မျိုး ထွက်ပေါ်လာပါမယ်ဆိုတဲ့ ဘယ်လို အာမခံချက်မှ မပေးနိုင်ဘူး။

 နောက်ထပ် အရေးကြီးတဲ့ အရှိတရား တခုက မြန်မာ့ ပြည်တွင်းရေးဟာ ယူကရိန်း စစ်ပွဲ၊ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေရဲ့ သတင်းအောက်မှာ မျက်ကွယ်ပြု ခံနေရတယ် ဆိုတာပါပဲ။ အနောက်ကမ္ဘာရဲ့ ဒီမိုကရေစီ နိုင်ငံတွေက သူတို့ဟာ လောလောဆယ်မှာတောင် စိန်ခေါ်မှုပေါင်းစုံ ကြုံနေပြီးသား ဖြစ်တယ်လို့ ယုံကြည်နေတာကြောင့် အာဆီယံကတောင် ထိထိရောက်ရောက် ကူညီ ဖြေရှင်းဖို့ ပျက်ကွက်နေတဲ့ ရှည်လျားလှတဲ့ ပြည်တွင်းရေး အားပြိုင်မှု တခုထဲမှာ ဓားခုတ်ရာ လက်ဝင်လျှိုသလို မဖြစ်ချင်ကြဘူး။ နောက်ပြီး အဲဒီလို ကြားဝင်လိုက်ခြင်းအားဖြင့် တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့လို အင်အားကြီး နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ရှုပ်ထွေးမှုတွေ ကြုံလာမှာကိုလည်း စိုးရိမ်နေကြပြန်တယ်။

 ခါးသီးလှတဲ့ အမှန်တရား တခုကတော့ နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာ့အရေးမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ကူညီပေးနိုင်တာတွေ အများကြီး ရှိနေတဲ့တိုင် လက်တွေ့ အကောင်အထည် ဖော်ပေးနိုင်ခြေက အရမ်း နည်းပါးနေခြင်းပါပဲ။ ထုံးစံအတိုင်း မြန်မာ ပြည်သူတွေဟာ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ပဲ ဖန်တီးကြရပါလိမ့်မယ်။ ရှိရင်းစွဲ အရင်းအမြစ်တွေကိုပဲ အသုံးချပြီး အားထုတ် ရုန်းကန်ကြရပါမယ်။

 အဓိပ္ပါယ်ကတော့ သွေးချွေး ရင်းနှီး ပေးဆပ်မှုတွေ ကြီးမားလွန်းတဲ့၊ လူ့အသိုက်အဝန်းတွေကြား သွေးကွဲမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့၊ ပျက်စီးဆုံးရှုံးမှုတွေ များပြားလွန်းတဲ့ မြန်မာ့ ပြည်တွင်းစစ်ဟာ ၃ နှစ်ပြည့်မြောက်ပြီးရင် အနည်းဆုံးတော့ စတုတ္ထမြောက် နှစ်အပိုင်းအခြားထဲ ဆက်ပြီး ချဉ်းနင်းဝင်ရောက်သွားဦးမယ် ဆိုတာပါပဲ။

 (The Interpreter၏ Three years on from the coup, what could help Myanmar’s opposition movement? ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)