ပေါင်းတည်မှာ မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ စစ်တပ်က အရပ်သားတဦးကိုသတ်ဖြတ်

ဇန်နဝါရီ၊ ၂၀

 ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်မှာ တောင်ခမောက်ရွာနဲ့ ကိုင်းကွင်းရွာကြားမှာ မိုင်းဆွဲခံခဲ့ရတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အကျအဆုံးရှိခဲ့တာကြောင့်  တဲတလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် တဲပိုင်ရှင်အမျိုးသားကို ပစ်သတ်ခဲ့တယ်လို့ ‌ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။

 “ သေသွားတာက အရပ်သားပါ။ သူ့ဘာသာနေတာ ကျွန်တော်တို့မိုင်းဆွဲတော့ သူတို့ (စစ်ကောင်စီ)က အထိနာပြီး ပြန်ဆုတ်တဲ့ချိန် တွေ့လို့ သတ်သွားတာ “ လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ် ၊ပြည်ခရိုင်(PPDF) တပ်ရင်း ၃၆၀၁  ဆက်သွယ်ရေးနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သေဆုံးခဲ့သူဟာ ကိုင်းကွင်း ရွာမှ အသက် ငါးဆယ် အရွယ် ကိုမိုးကြီးဆိုသူ ဖြစ်ပြီး သေဆုံးသူ အလောင်းကို ဖြစ်စဉ်ဖြစ်ပွားနေ့ကတည်းက သဂြိုလ်ပေးလိုက်တယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းချိန်းကနေ ဇန်နဝါရီလ ၁၉ ရက်အထိ စစ်တပ်လက်ချက်နဲ့သေဆုံးသူပေါင်း ၄,၃၉၉ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားပါတယ်။

 အင်အား ခုနှစ်ဆယ် ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်၊ မနက် ၉ နာရီခန့်မှာ စစ်ကြောင်းနှစ်ကြောင်း ခွဲပြီး ကွင်းကိုင်းရွာဘက်ကို စစ်ကြောင်း ထွက်လာစဉ်ပြည်သူ့ကာကွယ်ရေး တပ်တွေက စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

 အဲ့ဒီလို တိုက်ခိုက်ခံလိုက်ရတာကြောင့် စစ်ကောင်စီ လက်အောက်ခံ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) ၁၉ မှ ဗိုလ်နေလင်းအောင် အပါအဝင် ခြောက်ဦးသေဆုံးခဲ့ကာ လေးဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ (PPDF) ဆက်သွယ်ရေးနဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ထိခိုက်သေဆုံးသူတွေကို ဝဲကြီးဆည်ရေလမ်းကြောင်းကတဆင့် ပေါင်းတည်မြို့ကို သယ်ဆောင်သွားတယ်လို့ လည်းသိရပါတယ်။

 အထိနာသွားတဲ့ အဲဒီ စစ်ကြောင်းဟာ အနီးအနား ဝန်းကျင်ရွာတွေကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လက်ရှိမှာတော့ အဆိုပါ စစ်ကြောင်းဟာ သိမ်ကုန်းတာဝါတိုင် စခန်းကို ပြန်လည် ဝင်ရောက်နေတယ်လို့သိရပါတယ်။

 ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်ကလည်း မအူပင်ရွာကို မီးရှို့ခဲ့တဲ့ အဲဒီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တောက်ခမောက်ကျေးရွာအနီးမှာ စနိုက်ပါနဲ့ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်  အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာနေအိမ် (၇၂)လုံး ၊စပါးကျီသုံးလုံးနဲ့ ပညာရေး ဝန်ထမ်းအဆာင် တလုံး ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။