တီးတိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး ပုလဲပအဖဆီ လက်နက်နဲ့ CDM ဝင်

ဇန်နဝါရီ၊ ၁၂
 
ချင်းပြည်နယ်၊ တီးတိန်မြို့က စစ်ကောင်စီ တပ်ဖွဲ့ဝင်သုံးဦးဟာ လက်နက်ခဲယမ်းတချို့နဲ့အတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ဆီ ချိတ်ဆက်ပြီး မနေ့က CDMဝင်လာတာကြောင့် တဦးကို ကျပ် သိန်းခုနစ်ဆယ်နှုန်းနဲ့ စုစုပေါင်း သိန်း ၂၁၀ ဆုကြေးချီးမြှင့်ခဲ့တယ်လို့ ပုလဲ ပအဖတာဝန်ခံ ကိုဇော်ထက်က DNA ကို ပြောပါတယ်။
 
အဲဒီ စစ်ကောင်စီတပ်သားသုံးဦးဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ လဆန်းပိုင်းမှာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို စတင်ဆက်သွယ်လာပြီး ဇန်နဝါရီ ၅ ရက်မှာ တီးတန်ကနေ စတင်ထွက်ခွာလာကာ ပုလဲမြို့နယ်ကို မနေ့ကရောက် လာခဲ့တာလို့ သိရပါတယ်။
 
“ သူတို့က ပြီးခဲ့တဲ့ လပိုင်းထဲက ဆက်သွယ်တာလေ၊ ဒီလထဲမှာမှ ကျွန်တော်တို့က လုံခြုံရေး ယူပြီး သွားခေါ်ပေးရတာ ” လို့ ကိုဇော်ထက်က ဆိုပါတယ်။
 
အဲဒီစစ်ကောင်စီ တပ်သားသုံးဦးဟာ စစ်ကောင်စီတပ်သုံး ရိုင်ဖယ်သေနတ်တွေဖြစ်တဲ့ MA သေနတ် နှစ်လက်၊ လက်ပစ်ဗုံး ခြောက်လုံး၊ ကျည်ဘောက် ခြောက်ခု၊ အီနာဂါ (ရိုင်ဖယ်ဗုံးသီး) လေးခု၊ ၅.၅၆ ကျည် (၄၉၀)နဲ့ ပုလဲမြို့ နယ်ပအဖ အဖွဲ့ဆီ ရောက်လာခဲ့တာလို့ သိရပါတယ်။
 
လက်နက်အပ် ပူးပေါင်းလာသူ သုံးဦးထဲက တဦးဟာ လေးလသားအရွယ် ကလေးငယ်တဦးနဲ့ သူ့အမျိုးသမီးတို့ ပါတယ်လို့ သိရပြီး သူတို့ရဲ့အသေးစိတ် အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ထုတ်မပြောပါဘူး။
အလင်းဝင်လာသူ သုံးဦးစလုံးဟာ တီးတိန်ကနေ စတင်ထွက်ခွာချိန်မှာ လက်နက်ခဲယမ်း အပြည့်အစုံပါပေမယ့် MA1 သေနတ်တလက်နဲ့ လက်နက်ခဲယမ်းတချို့ကိုတော့ တီးတိန်ကို ဖြတ်သန်းရချိန်မှာ လုံခြုံရေးယူပေးခဲ့တဲ့ တီးတိန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ ပေးခဲ့ပြီး အဲဒီအတွက် တီးတိန်ပကဖကလည်း ဆုကြေးပေးခဲ့တယ်လို့ သိရပါတယ်။
 
“ တီးတိန်ဘက်က တော်လှန်ရေး အင်အားစုတွေက လုံခြုံရေးယူပေးရတော့ သူတို့က သေနတ်လိုချင်တယ် ဆုချီးမြှင့်မယ်ဆိုတာနဲ့ ပေးထားခဲ့တာ ” လို့ ကိုဇော်ထက်က ပြောပါတယ်။
 
အဲဒီစစ်ကောင်စီတပ်သား သုံးဦးကို NUGရဲ့ လူသားချင်းစာနာရေးကူညီမှုဆိုင်ရာဌာန တာဝန်ခံကလည်း ကျပ် တသိန်း ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်ကလည်း စစ်ကောင်စီ ဒုတပ်ကြပ် တဦးဟာ ပုလဲမြို့နယ် ပအဖဆီ လက်နက်ခဲယမ်းတွေနဲ့အတူ CDM ဝင်ခဲ့ပါသေးတယ်။
 
“ တချို့ကျတော့လည်း တနှစ်၊ နှစ်နှစ်နဲ့ ပြီးသွားပြီး စစ်ကောင်စီက ပုံမှန်အတိုင်း ပြန်အုပ်ချုပ်မယ်ပေါ့၊ သူတို့မျှော်လင့်ထားသလို မဖြစ်လာတော့လည်း သဘောပေါက်သွားတာမျိုးတွေကြောင့် CDM ဝင်လာတာတွေလည်း ရှိတယ်၊ ဘာပဲပြောပြော အချိန်မှီသေးတယ်၊ ပြည်သူနဲ့အမြန်ပူးပေါင်းပါ ” လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကိုဇော်ထက်က တိုက်တွန်းပါတယ်။
 
ဓာတ်ပုံ​ – ပုလဲပအဖ