လက်ရှိနှစ်ဆန်းပိုင်းအတွင်း စစ်ကောင်စီလက်ချက်နဲ့ တရက် အရပ်သားရှစ်ဦးနှုန်း သေဆုံးနေ

ဇန်နဝါရီ၊ ၁၂
 
လက်ရှိ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်း တပတ်အတွင်း စစ်ကောင်စီလက်ချက်နဲ့ နိုင်ငံတဝန်းမှာ တရက်ကို အရပ်သား ရှစ်ဦးနှုန်းလောက် သေဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အချက်အလက်တွေအရ သိရပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ပထမပတ်အတွင်းမှာပဲ သေဆုံးသူ အရပ်သား ၅၇ ဦးထက်မနည်း ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
 
သေဆုံးခဲ့ရသူတွေထဲ အသက် ၁၆ နှစ်အောက် ကလေးသူငယ် ၁၈ ဦး ပါဝင်တယ်လို့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်။
 
“ အကြမ်းဖက်စစ်အုပ်စုသည် အဖက်ဖက်မှ ကျဆုံးနေပြီး ရှုံးမဲမဲကာ လက်နက်မဲ့ အရပ်သား ပြည်သူလူထု သေကြေပျက်စီးမှုများ များနိုင်သမျှများအောင် လုပ်ကိုင်လာနေကြသည်ကို သူတို့ရဲ့ လုပ်ရပ်တွေက ထင်ထင်ရှားရှား ပြသနေကြပါတယ် ” လို့ ဦးကျော်ဇော်က ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့နဲ့ ကပ်လျက် ကနန်ကျေးရွာကို ဇန်နဝါရီ ၇ ရက်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ကိုးဦး အပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောထားပါတယ်။
 
ဒါ့အပြင် တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ ၁၉ ဦးရှိခဲ့ပြီး သူတို့ကို ဆေးကုသမှုပေးဖို့ ကလေးမြို့ကိုခေါ် သွားပေမယ့် စစ်ကောင်စီက မြို့ထဲအဝင်မခံခဲ့ဘူးလို့ သိရပါတယ်။
 
“ အဝင်မခံတဲ့အပြင် ခိုးပြီးတော့မှ တိတ်တိတ်လေး ဝင်သွားတာတွေရှိမှာ ကြောက်လို့ဆိုပြီးတော့ မြို့ထဲက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေအကုန် ရှောင်တခင်ဝင်စစ်တယ်၊ ကနန်ရွာက လာတဲ့ လူနာမှန်သမျှ ဘယ်သူ့မှ ကုသခွင့် မပေးရဘူးဆိုပြီး နောက်ဆုံးကျ ဘယ်လိုလုပ်လိုက်လဲဆိုတော့ မည်သည့်ယာဥ်ကိုမှ ဖြတ်သွားခွင့်မပြုတော့ဘူး ” လို့ Mobile Medical Team – West Division ရဲ့ တာဝန်ခံဆရာမ ဒေါ်ရတီအုန်းက ပြောပါတယ်။
 
အလားတူ ကနန်ကျေးရွာကို တိုက်ခိုက်တဲ့ ဇန်နဝါရီ ၇ ရက် တရက်တည်းမှာပဲ ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာနဲ့ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်တို့ကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲခဲ့ပြီး အဲဒီတိုက်ခိုက်မှု အတွင်းမှာတော့ အရပ်သား ကိုးဦး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)ကပြောပါတယ်။
 
ဒါ့အပြင် ဝန်းသိုမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ) ၁၂၀ အနီး ဇန်နဝါရီ ၅ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံအရပ်သား ၁၉ ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း နှစ်ရက်အကြာ ဇန်နဝါရီ ၇ ရက်နေ့မှာ ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာအနီး တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက DNA ကို ပြောထားပါတယ်။
 
မြို့ပြနေရာတွေအပါအဝင် နယ်မြေအများအပြား လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားရာ နေရာတွေမှာ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တယ်လို့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က ခန့်မှန်းထားကြပါတယ်။
 
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကနေ ၂၀၂၃ နှစ်ကုန်အထိ သုံးနှစ်နီးပါးအတွင်းမှာတော့ အရပ်သား ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၅၈၃ ကြိမ်ရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ ၈၉၇ ဦးထက်မနည်း ရှိခဲ့တယ်လို့ NUG အစိုးရက ဇန်နဝါရီ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – ကနန်ရွာ လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးခဲ့သူတွေကို ကယ်ဆယ်ရေးလုပ်နေစဥ်