ကလေးနယ်မြောက်ပိုင်းမှာ လေကြာင်း ၊လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှုတွေရှိ

ဇွန်၊ ၅
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းက ရွာနှစ်ရွာကို ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် လူကိုးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ စာသင်ကျောင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ဆရာအတတ်သင် သင်တန်းပြနေတာရှိတယ်၊ လေယာဥ်က စာသင်ကျောင်းကို ပစ်သွားတာ၊ အထဲမှာ ဆရာတွေရှိတယ်၊ ထိခိုက်တာတွေက ဘယ်သူတွေလည်းဆိုတာတော့ အတည်ပြုလို့ မရသေးဘူး “ လို့ သူကပြောပါတယ်။
 
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ လှုပ်ရှားတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) အထက်ချင်းတွင်းဒေသကတော့ ကလေးနယ် မြောက်ပိုင်း ရာဇဂြိုလ်ကားလမ်းမဘေးမှာရှိတဲ့ ရှုခင်းသာကျေးရွာက စာသင်ကျောင်းမှာ ဒီကနေ့မနက်ပိုင်းက ကျေးရွာလူကြီးတွေ အစည်းအဝေးလုပ်နေကြချိန် လေကြောင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် တဦးသေဆုံးပြီး လေးဦးဒဏ်ရာရထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ အဲ့ဒီစာသင်ကျောင်းကို ဦးတည်ကာ လက်နက်ကြီး၊ စက်သေနတ်တွေနဲ့ ငါးမိနစ်လောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး လူနေအိမ်တွေနဲ့ အဆောက်အဦတွေ ထိခိုက်မှုအခြေအနေတွေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။
 
ဒါ့အပြင် ရှုခင်းသာရွာအနီးက လက်ပံချောင်းရွာထဲကိုလည်း ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ငါးဦးဒဏ်ရာရခဲ့သေးတယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
“ တယောက်ကတော့ ခြေထောက်ကို ထိသွားတယ်၊ နောက်တယောက်က ဆုံးသွားတယ်လို့တော့ ကြားတယ်၊ ဒါပေမယ့် အတည်မပြုနိုင်သေးဘူး “ လို့ သူကပြောပါတယ်။
 
အဲ့ဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့ချိန်အတွင်း ဒေသတွင်းမှာ တိုက်ပွဲဖြစ်နေတာ မရှိဘူးလို့ ဆိုပါတယ်။
 
ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်မှုနဲ့ အဆောက်အအုံ ထိခိုက်ပျက်စီးမှု အခြေအနေတွေကို DNA က ဆက်လက်စုံစမ်းနေပါတယ်။
 
ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာလည်း ကလေးမြို့ပေါ်မှာ တိုက်ခိုက်ရေးရဟတ်ယာဥ်တစီး ပျံဝဲနေခဲ့သေးတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – CNO Upper Chindwin Region – UCR