ရေနံတင် သင်္ဘောတစီးကို အိုမန် ပင်လယ်ကွေ့မှာ အီရန်ရေတပ် စီးနင်း ထိန်းချုပ်

ဇန်နဝါရီ၊ ၁၂

အိုမန် ပင်လယ်ကွေ့မှာ အရပ်ဖက် ရေနံတင် သင်္ဘောတစီးကို အီရန်ရေတပ်က စီးနင်းပြီး ထိန်းချုပ် ခေါ်ဆောင်သွားကြောင်း သိရပါတယ်။

မာရှယ်လ် ကျွန်းစု နိုင်ငံအလံ လွှင့်ထူထားတဲ့ St Nikolas ရေယာဉ်ဟာ အိုမန်နိုင်ငံပိုင် ဆိုဟာ ဆိပ်ကမ်းနား အရောက်မှာ မျက်နှာဖုံးစွပ် လက်နက်ကိုင်တွေရဲ့ စီးနင်းမှုကို ခံရပြီး အီရန် ဆိပ်ကမ်း တခုဆီ လမ်းကြောင်းပြောင်း မောင်းနှင်ခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ အီရန် အစိုးရ မီဒီယာက ရေတပ်ရဲ့ အဆိုကို ကိုးကားပြီး အခုလို ရေယာဉ် စီးနင်းခဲ့တာဟာ မနှစ်တုန်းက အမေရိကန်က အီရန် ရေယာဉ်တွေနဲ့ ရေနံတွေကို ကြားဖြတ် သိမ်းဆည်းခဲ့တာတွေအတွက် လက်စားချေတာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာ စီးနင်းခံခဲ့ရတဲ့ St Nikolas ရေနံတင် သင်္ဘောဟာ အီရတ်ရဲ့ ဘာဆရာ ဆိပ်ကမ်းကနေ ထွက်ခွာလာပြီး တူရကီကို ဦးတည်နေချိန် ကြားဖြတ် ဖမ်းဆီးတာ ခံခဲ့ရတာ ဖြစ်ပါတယ်။

အီရန်ရဲ့ ဩဇာခံ ဟိုသီသူပုန်တွေက ပင်လယ်နီ ရေပြင်မှာ အရပ်ဖက် သင်္ဘောတွေကို ရန်ပြု တိုက်ခိုက်နေတဲ့အပေါ် အမေရိကန်နဲ့ ဗြိတိန်တို့က စစ်ရေးအရ ပူးပေါင်း တုံ့ပြန်ခဲ့ချိန်မှာပဲ အီရန်ရေတပ်ကပါ ရေနံတင် သင်္ဘော တစီးကို တိုက်ခိုက် စီးနင်းခဲ့တာပါ။

အီရန် အစိုးရ မီဒီယာက St Nikolasဟာ ဂရိပိုင်အဖြစ် မှတ်ပုံတင်ထားပေမယ့် နောက်ကွယ်မှာတော့ အမေရိကန်က ထိန်းချုပ်ထားတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ သင်္ဘောရဲ့ မိခင် ကုမ္ပဏီဖြစ်တဲ့ Empire Navigationက St Nikolasပေါ်မှာ အမှုထမ်းတွေအဖြစ် ဖိလစ်ပိုင် ၁၈ ယောက်နဲ့ ဂရိ ၁ ဦးတို့ ပါသွားပြီး ရေနံစိမ်း ၁၄၅၀၀၀ တန်ကို တင်ဆောင်သွားကြောင်း အတည်ပြုခဲ့ပြီး သင်္ဘောသားတွေ ဘေးကင်းရေးကိစ္စ ဦးစားပေး လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားပါတယ်။

 

Ref: BBC