ဝမ်းတွင်းမှာ အလုပ်သမားက အလုပ်ရှင်မိသားစုအပါအဝင် လေးဦးကို လေးလောင်းပြိုင်သတ်ဖြတ်မှုဖြစ်

ဇန်နဝါရီ၊ ၁၂

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှာ အလုပ်သမားကို ကြိုထုတ်ပေးထားတဲ့ ငွေကို လုပ်အားခထဲက ပြန်နုတ်ယူရာကနေ စကားများခဲ့ပြီး အလုပ်သမားက အလုပ်ရှင်မိသားစုဝင်လေးဦးကို လေးလောင်းပြိုင်သတ်ဖြတ်မှု မနေ့က ဖြစ်ခဲ့တယ်လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
“ ပိုင်ရှင်က လုပ်အားခ ရှင်းတဲ့အချိန် ကောင်လေးထုတ်ထားတဲ့ငွေကို ပြန်နှတ်တာပေါ့၊ အဲဒီမှာ နုတ်တာ များတယ် ပြောကြရင်း စကားများပြီး အကုန်လုံးကို သတ်လိုက်တာပါ ” လို့ သူကဆိုပါတယ်။
 
ဝမ်းတွင်းမြို့နယ်၊ အမှတ် (၃) ဗဟိုရပ်ကွက်က ရက်ကန်းရုံတခုမှာ အဲဒီလေးလောင်ပြိုင်လူသတ်မှု ဖြစ်ခဲ့တာဖြစ်ပြီး အလုပ်ရုံပိုင်ရှင် မိသားစုဝင်တွေဖြစ်တဲ့ အသက် ၇၈ နှစ်အရွယ် ဒေါ်ကြည်၊ အသက် ၆၈ နှစ်အရွယ် ဒေါ်မြသွေး၊ အသက် ၅၃ နှစ်အရွယ် ဒေါ်စန္ဒာ တို့သုံးဦးနဲ့ ရက်ကန်းအလုပ်သမား အသက် ၃၈ နှစ်အရွယ် မဇင်ဇင်အေး ဆိုသူ လေးဦးကို တူနဲ့ထုသတ်ခဲ့တာလို့ သိရပါတယ်။
 
အဲဒီနောက် ပြစ်မှုကျူးလွန်သူဟာ မြို့နယ်ရဲစခန်းကို ကိုယ်တိုင်သွားကာ အလုပ်ရုံ ဓားပြတိုက်ခံရကြောင်း တိုင်ချက်ဖွင့်ခဲ့ပေမယ့် ရဲတွေရဲ့ စစ်ဆေးမေးမြန်းမှုအရ အလုပ်သမားကိုယ်တိုင် သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
 
“ ဖြစ်တဲ့အချိန်က မနက်တအားစောနေသေးတော့ ပတ်ဝန်းကျင်က မသိလိုက်ကြဘူး၊ နောက်ပြီးတော့ ရက်ကန်းတွေ လုပ်နေကြတာဆိုတော့ အသံတွေကလည်း ဆူညံနေတာဆိုတော့ အော်သံတွေဘာညာ မကြားရတော့တာ ” လို့ အထက်ပါ ဒေသခံက ဆိုပါတယ်။
 
လက်ရှိမှာတော့ လူသတ်မှု ကျူးလွန်သူကို ဝမ်းတွင်းမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားပြီး အမှုဖွင့်အရေးယူနိုင်ရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – သန္တိသုခ ပရဟိတ လူမူကူညီရေး