ကင်ဆာကြောင့် နေခွင့်ရမယ့်အချိန် သိပ်မကျန်တော့ကြောင်း ဖွင့်ပြောခဲ့တဲ့ အင်္ဂလန် မန်နေဂျာဟောင်း အဲရစ်ဆန်

ဇန်နဝါရီ၊ ၁၂

နာမည်ကျော် ဘောလုံး မန်နေဂျာဟောင်း ဆဗန်ဂိုရန် အဲရစ်ဆန်ဟာ ကင်ဆာရောဂါ နောက်ဆုံးအဆင့် ခံစားနေရပြီး အချိန်သိပ်မကျန်တော့ဘူးလို့ ပရိသတ်တွေဆီ အသိပေးခဲ့ပါတယ်။

အသက် ၇၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆွီဒင်သားကြီးဟာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ သမိုင်းတလျှောက် ပထမဆုံး နိုင်ငံခြားသား မန်နေဂျာအဖြစ် တာဝန်ယူခဲ့ဖူးပြီး ၂၀၀၂ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားတွေအပြင် ၂၀၀၄ ဥရောပဖလား ပြိုင်ပွဲတွေမှာပါ ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကာလတွေမှာ အင်္ဂလန်ဟာ ပြိုင်ပွဲကြီးတွေရဲ့ ကွာတားဖိုင်နယ် အဆင့်ကို မကျော်နိုင်ခဲ့ပါဘူး။

အဲရစ်ဆန်က သူဟာ နောက်ထပ် အလွန်ဆုံး တနှစ်လောက်သာ နေခွင့်ရတော့မယ်လို့ ဆွီဒင် ရေဒီယိုဌာန P1ဆီ အသိပေး ပြောကြားခဲ့ပါတယ်။ သူခံစားနေရတဲ့ ဝေဒနာက အရမ်းပြင်းထန် ဆိုးရွားကြောင်း၊ အလွန်ဆုံး တနှစ်လောက်သာ နေရတော့မှာဖြစ်ပြီး အဲဒီထက်လည်း အချိန်နည်းသွားနိုင်ကြောင်း၊ ဘာဖြစ်လာမယ် ဆိုတာကို မသိသလို လောလောဆယ်တော့ အဲဒီအကြောင်း ကြိုမတွေးတာ အကောင်းဆုံးဖြစ်ကြောင်း အဲရစ်ဆန်က ဖွင့်ဟခဲ့ပါတယ်။

အဲရစ်ဆန်ဟာ ဘောလုံးမန်နေဂျာဘဝ ဖြတ်သန်းမှု ၄၂ နှစ် ကြာမြင့်ခဲ့ပါတယ်။ သူဟာ ဆွီဒင်ကလပ် ကားလ်စတက်ဒ်ကို ကိုင်တွယ်နေရင်း ကျန်းမာရေး အခြေအနေအရ လွန်ခဲ့တဲ့ ၁၁ လလောက်မှာ နှုတ်ထွက်ခဲ့ပါတယ်။ သူ့မှာ ပင်ကရိယကင်ဆာ အပြင်းအထန် စွဲကပ်နေမှန်း သိခဲ့တာတော့ တနှစ်လောက်သာ ရှိသေးတယ်လို့လည်း အဲရစ်ဆန်က ပြောပြပါတယ်။

ဘဝရဲ့ နောက်ဆုံး လက်ကျန် အချိန်တွေကို အတတ်နိုင်ဆုံး သာမန်ဆန်ဆန် ဖြတ်သန်းနေကြောင်း၊ ဆေးရုံကို သွားရောက် ပြသရတာတွေ ရှိပေမယ့် အမြဲတမ်းတော့ ဆေးရုံ တက်မနေကြောင်း၊ အိမ်မှာပဲနေရင်း မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့အတူ ခရစ္စမတ်၊ နှစ်သစ်ကူး ကာလတွေကို ဖြတ်သန်း အချိန်ကုန်စေခဲ့ကြောင်း အဲရစ်ဆန်က ဆက်ပြောပါတယ်။

သူဟာ တတ်နိုင်သလောက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်လေ့ရှိပြီး လွန်ခဲ့တဲ့ တနှစ်ကလောက်တော့ မလုပ်နိုင်တော့ကြောင်း၊ ဒါပေမဲ့ အရေးကြီးတာက ဘဝကို အတတ်နိုင်ဆုံး ပုံမှန်အတိုင်း ဖြတ်သန်းဖို့ စိတ်ပိုင်းဖြတ်ထားခြင်းပဲဖြစ်ကြောင်း အဲရစ်ဆန်က ဖွင့်ဟသွားပါတယ်။

သူ့ရဲ့ မန်နေဂျာ သက်တမ်းတလျှောက် ဘင်ဖီကာ၊ ရိုးမား၊ ဖီအိုရင်တီးနား၊ လာဇီယို၊ မန်ချက်စတာ စီးတီး၊ လက်စတာစီးတီး အစရှိတဲ့ ဥရောပ နာမည်ရ ကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးသလို အင်္ဂလန်၊ မက္ကဆီကိုနဲ့ ဖိလစ်ပိုင် အမျိုးသား လက်ရွေးစင် အသင်းတွေကိုလည်း တာဝန်ယူခဲ့ဖူးပါတယ်။  

 

Ref: BBC