ပုလဲမြို့နယ်အတွင်း စစ်အုပ်စုရဲ့စစ်ကြောင်းတွေ ၂ကြိမ် မိုင်းဆွဲခံရပြီး ၆ဦးသေ

၁၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းမှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတွေကို ပြည်သူ့တော်လှန်ရေးတပ်မတော် PRAက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု ၆ဦးသေဆုံးပြီး အများပြားဒဏ်ရာရရှိကာ ကားသုံးစီးလည်း ပျက်စီးသွားခဲ့တယ်လို့ PRAက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၇ရက်နေ့ မနက် ၁၀နာရီခန့်မှာ ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းကနေ အင်အား ၆၀ကျော်နဲ့ ခြေလျှင်စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တိုက်မိုင်း ၂လုံး၊ ဆွဲမိုင်း ၇လုံးနဲ့ PRAက ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၆ဦးသေဆုံးကာ ဒဏ်ရာရရှိသူ များပြားခဲ့တယ်လို့ သိရပါတယ်။

နေ့လည် ၁နာရီခန့်မှာလည်း စစ်အုပ်စုဟာ ကန်ဒေါင့်ရဲစခန်းကနေ ကားအစီး ၄၀ကျော်နဲ့ ထပ်မံစစ်ကြောင်းထိုးလာခဲ့တာကြောင့် ဝမ်းဘဲချိုင်ကျေးရွာအနီးမှာ ရှေ့ထွက်မိုင်း ၄လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ဒဏ်ရာရရှိသူများပြားခဲ့ပြီး ကား ၃စီးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၁၁) နဲ့ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဌာနချုပ် Pale People’s Defence Force – Headquarters တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအပြီးမှာ ပူးပေါင်းအဖွဲ့က ထိခိုက်သူမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုကတော့ မိုင်းဆွဲတိုက်ခိုက်ခံရအပြီးမှာ ဝမ်းဘဲချိုင့်ကျေးရွာအတွင်း ဝင်ရောက်ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက အင်အားအများအပြားကို အသုံးပြုကာ စစ်ရေးအရှိန်ကိုမြှင့်တင်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျားတိုက်ပွဲတွေအတွင်းမှာ သေဆုံးမှုတွေ များပြားနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-PRA