နိုဝင်ဘာ၊ ၅
စစ်ကိုင်းတိုင်း ၊ ကလေးမြို့ အနောက်မြောက်ဘက် လက်ပံချောင်းကျေးရွာကို နိုဝင်ဘာ ၄ ရက်၊ ည ၇ နာရီမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားအမျိုးသမီးနှစ်ဦး သေဆုံးတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
” ဘုရားကျောင်းနား လမ်းပေါ်ကိုကျတာ။ အမျိုးသမီးကြီးတယောက်နှင့် အမျိုးသမီးငယ်တယောက်သေတယ်။ နောက်ထပ်နှစ်ယောက်လည်း နည်းနည်း ထိခိုက်ဒဏ်ရာရတယ်” လို့ လက်ပံချောင်းဒေသခံတဦးကပြောပါတယ်။
ကလေးမြို့အခြေစိုက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်ပံချောင်းကျေးရွာက အသက် ၅၇ ခုနှစ်အရွယ်အမျိုးသမီးတဦးနဲ့ အသက် ၂၆ နှစ်အရွယ်အမျိုးသမီးတဦး စုစုပေါင်းနှစ်ဦး သေဆုံးကာ နောက်ထပ် အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
ဒါဟာ နိုဝင်ဘာလ ၃ ရက်၊ ညပိုင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့အရှေ့တောင်ဘက် ဥယျာဉ်ကျေးရွာက အမျိုးသမီးတဦးဝမ်းဗိုက်ထိမှန်သေဆုံးခဲ့ပြီး နောက် ထပ်မံသေဆုံးတာဖြစ်ပါတယ်။
ကလေးမြို့နယ်ထဲက ရာဇဂြိုလ်အခြေစိုက် စစ်ကောင်စီစခန်းနဲ့ မြောက်စည်းကျေးရွာစခန်းတွေကို ဒေသခံကာကွယ်ရေတပ်ဖွဲ့တွေက နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်တွေမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲတွေစတင်တဲ့အချိန်ကတည်းက ကလေးမြို့ပေါ်စစ်ကောင်စီတပ်ဟာ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့နေ့စဉ် နေ့ရော၊ညပါပစ်ခတ်တာအပြင် ညပိုင်းမြို့တွင်းမှာပါ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်နေတာဖြစ်တယ်လို့သိရပါတယ်။
အခုနိုဝင်ဘာလလေးရက်တာအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့နယ်မှာ အရပ်သားအမျိုးသုံးဦးသေဆုံးပြီး ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ဒေသခံတွေက ဆိုကြပါတယ်။
အာဏာသိမ်းပြီးချိန်ကနေနိုဝင်ဘာလ ၃ ရက်အထိ စစ်ကောင်စီလုခြုံရေးတပ်တွေလက်ချက်နဲ့ လူပေါင်း ၄,၁၆၉ ဦးသေဆုံးပြီး အမျိုးသမီးပေါင်း၆၃၀ ဦးထက်မနည်းပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။
Photo_Social Media