ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ကင်မရွန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခံရ

နိုဝင်ဘာ၊ ၁၄

အံ့ဩစရာ အခြေအနေမျိုးနဲ့ ဗြိတိန် အစိုးရ အဖွဲ့ဆီ ပြန်လည် ရောက်ရှိလာတဲ့နောက် ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်က အခုလို အပြောင်းအလဲမျိုးတွေကို သူကိုယ်တိုင်လည်း ကြိုမျှော်လင့် မထားခဲ့မိကြောင်း ဝန်ခံခဲ့ပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ရီရှီဆူနက်ခ်ဟာ အစိုးရ အဖွဲ့ကို နိုဝင်ဘာ ၁၄ ရက်မှာ အပြောင်းအလဲတွေနဲ့ ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ကင်မရွန်ကို နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ တာဝန်ပေး ခန့်အပ်ခဲ့ပါတယ်။ ၂၀၁o ကနေ ၂၀၁၆ ထိ ဗြိတိန် ဝန်ကြီးချုပ် တာဝန်ယူခဲ့ဖူးတဲ့ ကင်မရွန်ဟာ နိုင်ငံရေး နယ်ပယ်နဲ့ ၇ နှစ်လောက် ကင်းကွာနေပြီးမှ အစိုးရ အဖွဲ့ထဲ ပြန်ရောက်လာတာ ဖြစ်ပါတယ်။

ပိုပြီး အံ့ဩစရာ ကောင်းတာက ကင်မရွန်ဟာ ဆူနက်ခ်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ လူသိရှင်ကြား ဝေဖန်တာတွေ လုပ်ခဲ့ဖူးခြင်းပါပဲ။ ကင်မရွန်ကတော့ သူဟာ ဆူနက်ခ်နဲ့ အမြင်မတူတာတွေ ရှိပေမယ့် ဆူနက်ခ်ရဲ့ ခေါင်းဆောင်မှု စွမ်းရည်နဲ့ ခက်ခဲတဲ့ ကာလတွေကို ကြံ့ကြံ့ခံပြီး ဝန်ကြီးချုပ် အနေနဲ့ အကောင်းဆုံး ရပ်တည်ပြနေတာတွေကို ကောင်းကောင်း အသိအမှတ် ပြုတယ်လို့ ဖြေရှင်းပါတယ်။ သူက ဆူနက်ခ်ရဲ့ ကမ်းလှမ်းမှုကို မျှော်လင့်မထားခဲ့ကြောင်းနဲ့ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူခွင့် ကြုံလာတဲ့အခါ ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ကြောင်းလည်း ကင်မရွန်က ဝန်ခံပါတယ်။

သူ့အနေနဲ့ ဆူနက်ခ်ရဲ့ အစိုးရကို အစွမ်းကုန် အကူအညီ ပေးသွားမယ်လို့လည်း ကင်မရွန်က ပြောကြားသွားပါတယ်။

ဆူနက်ခ်က အစိုးရ အဖွဲ့ကို အကြီးစား ပြင်ဆင် ပြောင်းလဲခဲ့ရာမှာ နောက်ထပ် လူတွေ အာရုံစိုက်ခဲ့တဲ့ ကိစ္စတခုကတော့ ဆူလာ ဘရာဗာမန်းရဲ့ ပြည်ထဲရေး ဝန်ကြီးနေရာကို ဂျိမ်းစ် ကလယ်ဗာလေနဲ့ အစားထိုးခဲ့ခြင်းပါပဲ။ ဘရာဗာမန်းဟာ ဗြိတိန်မှာ ပါလက်စတိုင်းအရေး ချီတက် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ကိုင်တွယ်ပုံ ပျော့ပျောင်းလွန်းတယ်လို့ လူသိရှင်ကြား မှတ်ချက်ပေးခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ပြင်းပြင်းထန်ထန် ရင်ဆိုင် ကြုံတွေ့နေရသူပါ။

ကင်မရွန်ကတော့ နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ နိုဝင်ဘာ ၁၃ ရက်မှာ ရုံးစတက်ခဲ့သလို လက်ရှိ ဂါဇာကမ်းမြှောင်ဒေသမှာ ဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမားစ် စစ်ပွဲနဲ့ ပတ်သက်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီယို ဘလင်ကန်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

Ref: BBC