အမေရိကန်မှာ တံဆိပ်ခေါင်းဟောင်း တခုကို စံချိန်တန်စျေး ဒေါ်လာ နှစ်သန်းနဲ့ ရောင်းချ

နိုဝင်ဘာ၊ ၁၄

အမေရိကန်နိုင်ငံမှာ တံဆိပ်ခေါင်း အဟောင်းတခုကို စံချိန်တင်စျေး ဒေါ်လာ ၂ သန်းနဲ့ လေလံတင် ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။

နယူးယောက် လေလံဌာနက သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော် ရှိခဲ့ပြီး အကောင်းဆုံး အနေအထားမျိုးနဲ့ ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ တံဆိပ်ခေါင်းဟာ အမေရိကန်နိုင်ငံ သမိုင်းမှာ တန်ဖိုးအကြီးဆုံး စံချိန်သစ်ကို ပိုင်ဆိုင်လာခဲ့ကြောင်း ပြောပါတယ်။

၁၉၁၈ ခုနှစ်တုန်းက ထုတ်ဝေခဲ့ပြီး Inverted Jennyလို့ နာမည်ပေးထားတဲ့ အဖြူ၊ အနီ၊ အပြာရောင်တွေ ရိုက်နှိပ်ထားတဲ့ တံဆိပ်ခေါင်းဟာ မူလတန်ဖိုး ၂၈ ဆင့်သာ ရှိခဲ့ပါတယ်။ အဲဒီ ခေတ်ကတည်းက တံဆိပ်ခေါင်းဟာ ရှားပါးအဆင့် ဖြစ်ခဲ့ပြီး အခု ၁၀၀ သာ ကန့်သတ် ထုတ်ဝေခဲ့တယ်လို့ ဆိုပါတယ်။

နယူးယောက် လေလံပွဲမှာ တံဆိပ်ခေါင်းကို စျေးအမြင့်ဆုံးပေး ဝယ်ယူသွားသူကတော့ တံဆိပ်ခေါင်းတွေ ဝယ်စုတဲ့ သူဌေး ချားလ်စ်ဟက်ခ် ဖြစ်ပါတယ်။ အသက် ၇၆ နှစ်အရွယ် ဟက်ခ်က သူကလေးဘဝ ကတည်းက Inverted Jenny တံဆိပ်ခေါင်းတခု ပိုင်ဆိုင်ဖို့ ပြင်းပြင်းပြပြ ဆန္ဒရှိခဲ့ကြောင်း ပြောပြပါတယ်။

Inverted Jennyဟာ JN-4 လေယာဉ် တစီးကို တံဆိပ်ခေါင်းရဲ့ ဗဟိုချက် နေရာမှာ ထားရှိထားပြီး ပုံနှိပ်ခဲ့ပေမယ့် အမှားအယွင်းကြုံပြီး အပေါ်အောက် ပြောင်းပြန် ဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း အဲဒီလို မှားသွားတဲ့ တံဆိပ်ခေါင်းတွေကို အမှတ်တရ အနေနဲ့ အရေအတွက် ၁၀၀ ကိုသာ လူထုလက်ထဲ ကန့်သတ် ထုတ်ဝေပေးခဲ့ပါတယ်။ Inverted Jenny တံဆိပ်ခေါင်းတွေဟာ ကမ္ဘာတလွှားက တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာအိုးတွေရဲ့ အိပ်မက်အဆန်ဆုံး မက်မောမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

ဟက်ခ်ဟာ အပေါ်အောက်​ ပြောင်းပြန် မှားယွင်း ပုံနှိပ်မိတာမျိုး မဟုတ်တဲ့ ရိုးရိုး Jenny တံဆိပ်ခေါင်း တချို့ကိုလည်း ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။

 

Ref: BBC