ရာထူးလက်ခံပြီး တစ်လခွဲ အကြာမှာ ဗြိတိန် ဝန်ကြီးချုပ် နုတ်ထွက် 

ဗြိတိန် ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်ဟာ ရာထူးလက်ခံယူပြီး တစ်လခွဲ အကြာမှာပဲ နုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။

တိုတောင်းလှတဲ့ သူ့ရဲ့ ဝန်ကြီးချုပ် သက်တမ်းအတွင်း သူ့ရဲ့ မူဝါဒတွေက ဗြိတိန်ရဲ့ ဘဏ္ဍာရေး စျေးကွက်အပေါ် အနုတ်လက္ခဏာဆန်တဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့ပြီး ကိုယ်စားပြု ပါတီထဲမျာလည်း ထရက်စ်အပေါ် ဆန့်ကျင်မှုတွေ အားကောင်းလာခဲ့ပါတယ်။ သူ့ရဲ့ အစိုးရကလည်း ထုတ်ပယ်ခံရတာတွေ၊ နုတ်ထွက်တာတွေနဲ့ ယိမ်းယိုင်ခဲ့ပါတယ်။

အောက်တိုဘာ ၂၀ မှာတော့ ထရက်စ်က သူဟာ ကွန်ဆာဗေးတစ် ပါတီရဲ့ အကြီးအကဲ အဖြစ်ကရော၊ ဗြိတိန် ဝန်ကြီးချုပ် ရာထူးကပါ နုတ်ထွက်ပြီလို့ တရားဝင် ကြေညာခဲ့ပါတယ်။ သူဟာ ပါတီက အပ်နှင်းတဲ့ လုပ်ငန်းတာဝန်တွေကို မျှော်လင့်ထားသလို မစွမ်းဆောင်နိုင်ဘူးလို့ ဝန်ကြီးချုပ် အိမ်တော်ရှေ့က မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ ထရက်စ်က ပါတီ ခေါင်းဆောင်သစ်ကို တစ်ပတ်အတွင်း ရွေးချယ်နိုင်ပြီး ဝန်ကြီးချုပ်အသစ် ခန့်အပ်နိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ထရက်စ်ရဲ့ ဝန်ကြီးချုပ် သက်တမ်းဟာ ၄၅ ရက်သာ ကြာခဲ့ပြီး ဗြိတိန်နိုင်ငံ သမိုင်းမှာတော့ ရွေးကောက်ခံ ခေါင်းဆောင်တစ်ဦးရဲ့ အတိုဆုံး တာဝန်ယူချိန်အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ထရက်စ်ဟာ စျေးကွက် အခြေအနေ ဖရိုဖရဲ ဖြစ်စေခဲ့တဲ့ မူဝါဒတွေကို ပြန်လည် ရုပ်သိမ်းခဲ့ရသလို ဘဏ္ဍာရေး ဝန်ကြီးကိုလည်း ရာထူးက ထုတ်ပယ်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ပါတီတွင်းမှာ သူ့ကို ထောက်ခံသူ အရေအတွက် သိသိသာသာ ကျဆင်းလာပြီး ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ အမတ်တွေ တရိပ်ရိပ် တိုးလာပါတယ်။ နောက်ဆုံးမှာတော့ သူကိုယ်တိုင် ခန့်အပ်ထားတဲ့ ပြည်ထဲရေး ဝန်ကြီးကပါ လစ်ဇ်ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို မယုံကြည်ဘူးဆိုပြီး နုတ်ထွက်စာ တင်သွားပါတယ်။ ဒီဖြစ်စဉ်အပြီး နာရီပိုင်း အကြာမှာပဲ လစ်ဇ်လည်း ဝန်ကြီးချုပ် ရာထူးကို စွန့်လွှတ်တော့မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ် ပါတီမှာတော့ ပါတီဝင်တွေ ကိုယ်တိုင် မထောက်ခံတော့လို့ ပါတီကိုယ်စားပြု ဝန်ကြီးချုပ်တွေ ၃ ယောက်ဆက်တိုက် နုတ်ထွက်ရတဲ့နောက်ပိုင်း နိုင်ငံရေးအရ ပိုမိုတည်ငြိမ်တဲ့ အခင်းအကျင်းမျိုး တည်ဆောက်နိုင်ဖို့ အရေးကြီးလာပါတယ်။ လက်ရှိ အခြေအနေမှာတော့ ဝန်ကြီးချုပ်က မဖြစ်မနေ နုတ်ထွက်မှကို ရတော့မယ့် သဘောလို့ ကွန်ဆာဗေးတစ် အမတ်တစ်ယောက်ဖြစ်တဲ့ မီရီရမ် ကိတ်စ်က ပြောပါတယ်။

ကွန်ဆာဗေးတစ် ပါတီဟာ လွှတ်တော်ထဲမှာတော့ အမတ်ဦးရေ သိသိသာသာ အသာစီး ရထားဆဲ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ ဝန်ကြီးချုပ်ကို ပြည်သူတွေက ရွေးချယ်တာ မဟုတ်ဘဲ အနိုင်ရ ပါတီတွင်းမှာသာ မဲပေးပြီး ဆုံးဖြတ်လေ့ရှိတာ ဖြစ်ပါတယ်။