ရေတပ်အရာရှိဟောင်းတွေ အပါအဝင် ခိုလှုံခွင့်တောင်းထားသူ မြန်မာတရာ့ငါးဆယ်ကို မလေးရှား နေရပ်ပြန်ပို့

မြန်မာနိုင်ငံမှာ ပြည်တွင်းရေး မငြိမ်သက်မှုတွေ ရှိနေပေမယ့် မလေးရှား အစိုးရဟာ ရေတပ် အရာရှိဟောင်းတွေ အပါအဝင် ခိုလှုံခွင့် တောင်းခံထားသူ မြန်မာနိုင်ငံသား ၁၅၀ ကို နေရပ် ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် နေရပ်ကို ပြန်သွားရင် စစ်ကောင်စီရဲ့ ဖိနှိပ် ဖမ်းဆီးမှုတွေ ကြုံရနိုင်တဲ့ နောက်ထပ် မြန်မာနိုင်ငံသားတွေကိုလည်း ပြန်ပို့ဖို့ မလေးရှား အာဏာပိုင်တွေက စီစဉ်နေကြောင်း နီးစပ်သူတွေက ပြောပါတယ်။ မလေးရှားဟာ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရဆီကနေ စစ်တပ်က မတရား အာဏာသိမ်းခဲ့ပြီး ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် ဖြိုခွင်းနေတဲ့အပေါ် ရှုတ်ချခဲ့ပေမယ့် အခုလိုမျိုး မြန်မာနိုင်ငံသားတွေကို နေရပ် ပြန်စေခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက မလေးရှားဟာ မြန်မာရေတပ် အရာရှိ ၆ ဦးကို ဖမ်းဆီးပြီး အောက်တိုဘာ ၆ ရက်မှာ လေကြောင်းခရီးစဉ်နဲ့ မြန်မာနိုင်ငံဆီ ပြန်ပို့ဆောင်ခဲ့တယ်လို့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။ အဲဒီထဲက အနည်းဆုံး အရာရှိတစ်ဦးနဲ့ ဇနီးဖြစ်သူဟာ ရန်ကုန်ကို ပြန်ရောက်ရောက်ချင်းမှာပဲ အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ အရာရှိရဲ့ နာမည်က ဦးကျော်လှဖြစ်ပြီး ဇနီးကတော့ ဒေါ်ဌေးဌေးရီလို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမဲ့ သူတို့ကို ဘာအမှုနဲ့ ဖမ်းဆီးသလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။
မလေးရှားမှာ အခြေချ နေထိုင်ဖို့အတွက် လုံလောက်မှန်ကန်တဲ့ စာရွက်စာတမ်းတွေ မရှိတာကြောင့် မလေးရှား အာဏာပိုင်တွေက အဲဒီ ဇနီးမောင်နှံကို နယ်နှင်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒေါ်ဌေးဌေးရီနဲ့ နောက်ထပ် အရာရှိ ၃ ဦးဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးဆီကနေ အကူအညီရဖို့ ချိတ်ဆက် ကြိုးစားခဲ့သေးတယ်လို့လည်း သိရပါတယ်။
မြန်မာစစ်ကောင်စီဖက်ကတော့ ဒီကိစ္စတွေအတွက် Reutersရဲ့ ဆက်သွယ် မေးမြန်းမှုကို မဖြေကြားခဲ့ပါဘူး။ အလားတူပဲ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဝန်ကြီးချုပ်ရုံးတို့ကလည်း အခုကိစ္စအတွက် ဘာမှတ်ချက်မှ မပေးခဲ့ကြပါဘူး။
မလေးရှားနိုင်ငံက မြန်မာသံရုံးကတော့ အောက်တိုဘာ ၁၅ ရက်မှာ မြန်မာနိုင်ငံသား ၁၅၀ က လေကြောင်းခရီးစဉ်နဲ့ မြန်မာနိုင်ငံကို ပြန်သွားတယ်လို့ သံရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပေမယ့် ရေတပ် အရာရှိတွေ ကိစ္စကိုတော့ ထည့်ရေးမထားပါဘူး။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက နယ်နှင်ခံရသူတွေဆီက ဒုက္ခသည်အဖြစ် ခိုလှုံခွင့် တောင်းခံလျှောက်ထားမှု ရှိခဲ့သလား ဆိုတာကို အတိအကျ မပြောဘဲ အခုလို နေရပ်ပြန်ပို့နေတဲ့ ကိစ္စတွေအတွက် အလေးအနက် စိတ်ပူမိကြောင်းပဲ မှတ်ချက် ပေးခဲ့ပါတယ်။
မလေးရှားဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချမှုဆိုင်ရာ မူဝါဒတွေကို ပိုမိုတင်းကျပ်လာပြီး မြန်မာ နိုင်ငံသားတွေကို နယ်နှင်တာတွေ ပိုမို လုပ်ဆောင်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို နေရပ်ပြန်ပို့တာတွေကပဲ မြန်မာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် ဝေဖန်နေတဲ့ မလေးရှား အစိုးရရဲ့ လုပ်ရပ်တွေက ရှေ့နောက် မညီညွတ်ဘဲ ဖြစ်နေကြောင်း အတိုက်အခံတွေက ထောက်ပြ ဝေဖန်နေကြပါတယ်။