မလေးရှားနိုင်ငံခြားရေးဝန်ကြီး NUG ဝန်ကြီးနဲ့တွေ့မယ် (မြန်မာပြည်သူတွေ ဘယ်လိုရှေ့ဆက်မလဲ သိလိုကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးပြော)

NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မေလ ၁၄ ရက်နေ့မှာ တွေ့ဆုံသွားမှာဖြစ်ပြီး မြန်မာပြည်သူတွေ ဘယ်လို ရှေ့ဆက်သွားကြမလဲ ဆိုတာနဲ့ ပတ်သက်လို့ သိလိုကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောလိုက်ပါတယ်။
မေလ ၁၁ ရက်နေ့၊ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဝါရှင်တန်ဒီစီ ရောက်ရှိနေတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟာ RFA သတင်းဌာနခွဲတခုဖြစ်တဲ့ Benar News သတင်းဌာနနဲ့ တွေ့ဆုံစဉ် အဲဒီလိုပြောကြားခဲ့တယ်လို့ RFA က ဖော်ပြပါတယ်။
မလေးရှား နိုင်ငံအနေနဲ့ NUG အစိုးရကို သွယ်ဝိုက်ပြီးဖြစ်စေ၊ အလွတ်သဘောဖြစ်စေ အကူအညီပေးချင်သလို သူ့အနေနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပြောမယ့်သတင်းစကားတွေ၊ အမြင်သဘောထားတွေကို နားထောင်ချင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။
မလေးရှားအစိုးရနဲ့ မလေးရှားပြည်သူတွေက မြန်မာပြည်သူတွေကို အစဉ်အမြဲ ထောက်ခံအားပေးနေတယ်ဆိုတာ ဒေါ်ဇင်မာအောင်ကို ပြောပြချင်တယ်လို့လည်း သူကပြောပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟာ NUG အပါအဝင် မြန်မာ့နိုင်ငံရေး သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံကြဖို့ အာဆီယံနိုင်ငံတွေကို တိုက်တွန်းထားပါတယ်။