မုံရွာမှာ ရှစ်လေးလုံးနေ့အထိမ်းအမှတ် ဆန္ဒထုတ်ဖော်သူသုံးဦး ပစ်ခတ်ဖမ်းဆီးခံရ

သြဂုတ်၊ ၉
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာ အနီးမှာ ဩဂုတ် ၈ ရက် ညနေပိုင်းက ၃၅ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် ဆန္ဒထုတ်ဖော်နေသူတွေကို စစ်ကောင်စီတပ်က အိမ်စီးကားနဲ့ လာရောက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် သုံးဦး ဖမ်းဆီးခံခဲ့ရပါတယ်။
 
“ မနေ့က ဆန္ဒပြတဲ့နေရာကို အိမ်စီးကားနဲ့ ရောက်လာပြီး ပစ်ခတ်ဖြိုခွင်းတယ်လို့ သိရတယ်။ ပစ်ခတ်ဖြိုခွင်းတာက ချက်ချင်း ပစ်ခတ်တာမျိုး မဟုတ်ဘဲ အချိန်တခု စောင့်ဆိုင်းပြီးမှ ကားပေါ်ကနေ ဆင်းပြီး ပစ်တာ။ သုံးယောက် အဖမ်းခံလိုက်ရတယ် ” လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ တာဝန်ရှိသူ GUS ကပြောပါတယ်။
 
ရန်ကုန်အပါအဝင် နိုင်ငံတဝှမ်းမှာ ၃၅ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်ဆန္ဒဖော်ထုတ်တာ၊ အခမ်းအနားကျင်းပတာတွေကို မနေ့က ပြုလုပ်ခဲ့ပေမယ့် အခုလိုဖမ်းဆီးခံရတာကတော့ တခြားနေရာဒေသတွေမှာ ဖြစ်ပွားတာ မရှိခဲ့ပါဘူး။
 
ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အမျိုးသမီးတဦး အပါအဝင် စုစုပေါင်း ခြောက်ဦးနဲ့ ပြောက်ကျားသပိတ်ပုံစံ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး အဲဒီထဲကမှ အမျိုးသား သုံးဦး ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
“ ဖမ်းဆီးခံလိုက်ရတဲ့ သုံးယောက်အခြေအနေကိုတော့ စုံစမ်းနေဆဲပါ။ အခုလိုမျိုး ဆန္ဒထုတ်ဖော်တာတွေကို ပစ်ခတ်ဖြိုခွင်းလိုက်တာနဲ့ ပြည်သူလူထုတွေရဲ့ စစ်အာဏာရှင်ကို ဆန့်ကျင့်မှုက ငြိမ်သက်သွားမှာ မဟုတ်ပါဘူး။ ဒီထက်ပိုပြီးတော့ တော်လှန်ရေးမီးတောက်က အရှိန်ပြင်းပြင်းနဲ့ တောက်လောင်ပြီး ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားဖို့ပဲ ရှိပါတယ် ” လို့ သူက ဆက်ပြောပါတယ်။
 
မုံရွာမြို့ရဲ့ လူစည်ကားရာ နေရာတခုဖြစ်တဲ့ ကန်သာယာအနီး ပြည်ထောင်စုလမ်းမ ပေါ်မှာ မနေ့က ၃၅ နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် ဆန္ဒပြမှုလုပ်ဆောင်နေချိန် အိမ်စီးကားနဲ့ လာရောက်ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။
 
အဲဒီလိုဖြိုခွင်းတာကြောင့် လူငယ်သုံးဦး ဖမ်းဆီးခံရကာ ထိခိုက်ဒဏ်ရာများ ရရှိနိုင်ပြီး အဖမ်းခံရသူတွေကို (စစ်ကောင်စီက)ရိုက်နှက်နေကြောင်းနဲ့ နောက်ဆက်တွဲ အသေးစိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
 
၃၅ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတဝန်းက နေရာဒေသအသီးသီးမှာ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေး တင်းကျပ်ထားတဲ့ကြားကနေ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေက ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်။
 
၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ကို တနိုင်ငံလုံး ဆန့်ကျင့်ဆန္ဒပြခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက် (၈၈၈၈) ကို အစွဲပြုပြီး ရှစ်လေးလုံးအရေးတော်အခမ်အနားတွေကို နှစ်စဉ်ကျင်းပကြတာပါ။
 
မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူပေါင်း ၂၄,၂၃၆ ဦး ဖမ်းဆီးခံထားရပြီး အဒီလို ထိန်းသိမ်းခံထားရသူတွေထဲက ၇,၀၁၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဩဂုတ်လ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ​ – YPS
ပုံစာ – ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ မနေ့က လျှပ်တပြက် ဆန္ဒဖော်ထုတ်သူတဦးကို တွေ့ရစဉ်။