မုံရွာ ၊ မင်းဒေါင့်ဆိပ်ကမ်းကနေ ထွက်လာတဲ့ စစ်ကောင်စီ ရေယာဉ်တန်း တိုက်ခိုက်ခံရ

အောက်တိုဘာလ ၁၅ ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာ မင်း‌ဒေါင့်ဆိပ်ကမ်းကနေ စုန်ဆင်းလာတဲ့ ရေယာဉ် ၃စီးပါ စစ်ကောင်စီ ရေယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ Farmer Revolution Force CHUရဲ့ တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။
“တိုက်ပွဲကတော့ ကျတော်တို့က သူတို့လာမယ်ဆိုတာ သတင်းရလို့ ကြိုစောင့်နေတာပါ ၊ သုံးစီးကိုမှ ရှေ့စီးအင်အားများတဲ့ အစီးကို တိုက်ခဲ့တာပါဗျ။ ကျတော်တို့ဖက်ကတော့ အကျအဆုံးမရှိပါဘူး ပျောက်ကြားစနစ်နဲ့ပဲ တိုက်ခိုက်တာဆိုတော့လေ၊ သူတို့ဘက်က ပြန်လည်ပစ်ခတ်တာတော့ ရှိပါတယ်၊ အထိအခိုက်က အတိအကျ မသိရဘူးခင်ဗျ ရေယာဉ်ကတော့ မီးခိုးတလူလူနဲ့မောင်းသွားတာဗျ” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ဒေသတွေကို စားနပ်ရိက္ခာ ၊ လက်နက်ခဲယမ်းနဲ့ လူအင်အားတွေ ကုန်းလမ်းက ပို့ဆောင်ရာမှာ ဒေသကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် နောက်ပိုင်းမှာ ရေလမ်းကို ပိုအသုံးပြုလာတယ်လို့ သိရပါတယ်။
“စစ်ကောင်စီက ချင်းတွင်းမြစ်ကြောင်းကနေ ထောက်ပို့ပစ္စည်းတွေ သယ်ပို့လုပ်တယ်၊ စစ်ကူအင်အား သယ်ပို့လုပ်တယ်၊ ကားလမ်းကြောင်းနဲ့ကလည်း သူတို့ဖို့ အရေးမလှတော့ ရေကြောင်းတွေ သုံးနေကြတာပါ” လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို Farmers Revolution Force (မုံရွာခရိုင် တပ်ရင်း ၈ ၊ ၉ ၊ ၁၀) ဗန္ဓုလနှင့်အဖွဲ့သားများ-PDF (တပ်ခွဲ ၁) နဲ့ KUG (တပ်ခွဲ ၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။