စစ်တွေမှာ ဘုန်းကြီးမောင်းလာတဲ့ ကားနဲ့ ဆိုင်ကယ်တိုက်မိလို့အမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာရ

ဧပြီ၊ ၄

 ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သံဃာတော်တပါးမောင်းနှင်လာတဲ့ ကားတစီးနဲ့ အမျိုးသမီးငယ်တဦး မောင်း လာ တဲ့ ဆိုင်ကယ်တို့ တိုက်မိလို့ အမျိုးသမီးငယ်မှာ ပြင်းထန်ဒဏ်ရာတွေ ရသွားတယ်လို့ဖြစ်စဉ်ကို ကူညီပေးခဲ့သူတွေနဲ့ ဒေသခံ တွေက ပြောကြပါတယ်။

 ဒီနေ့ ဧပြီလ ၄ ရက်‌ နေ့လယ် နှစ်နာရီလောက်က စစ်တွေမြို့ ရွှေပြည်သာတိုက်တန်းရှေ့မှာ ယာဉ်တိုက်မှု ဖြစ်ခဲ့ တာဖြစ်ပြီး ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးငယ်ဟာဦးခေါင်းနဲ့ လက်တို့မှာ ဒဏ်ရာတွေရသွားတယ်လို့ ဆိုပါတယ်။

 “လက်ကျိုးသွားပါတယ်၊ပထမက သတိမရဘူး၊အခုတော့ သတိရသွားပါပြီ။အတွင်းဒဏ်ရာတွေကိုတော့ စစ် ဆေး နေကြတုန်းပါ”လို့ ဒဏ်ရာရသွားတဲ့အမျိုးသမီးကို ဆေးရုံကူညီပို့ဆောင်ပေးခဲ့သူက ပြောပါတယ်။

 စစ်တွေမြို့ပေါ် ဘုန်ကြီးကျောင်းတကျောင်းက ဦးပဥ္ဇင်းတပါးမောင်းနှင်လာတဲ့ အိမ်စီးကားဟာ ကျေးတောရွာဘက် ကနေ လမ်းမကြီးအတိုင်း မြို့တွင်းဘက်ဖြတ်သန်းလာချိန် ရွှေပြည်သာတိုက် တန်းရှေ့အရောက်မှာ အဲဒီတိုက် တန်းကနေ ထွက်လာတဲ့ ဆိုင်ကယ်ကို တိုက်မိခဲ့တာလို့ ဒေသခံတွေက ပြောကြ ပါတယ်။

“ဘုန်းကြီးက ကျေးတောဘက်ကနေ မောင်းလာတာ၊ ဆိုင်ကယ်က လမ်းပေါ်ကို အတက် အဲဒီမှာ တိုက်မိတာ”လို့ ရွှေပြည်သာတိုက်တန်းမှာ နေထိုင်သူတဦးက ပြောပါတယ်။

ဒီယာဉ်တိုက်မှုဖြစ်စဉ်မှာ ကားမောင်းလာတဲ ဦးပဥ္ဇင်းကို အရေးယူတာမျိုးမရှိဘဲ ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ကားကို ဆက်လက်မောင်းနှင်သွားပြီး ကားနဲ့တိုက်မိလို့ ဒဏ်ရာရခဲ့တဲ့အမျိုးသမီးငယ်ကို တော့ ဒေသခံတွေနဲ့ လူမှုကူညီ ရေးအဖွဲ့တွေက ကူညီပေးခဲ့တာလို့သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ သံဃာတော်တွေက ကိုယ်ပိုင်ကားတွေ ၀ယ်စီးလာကြပြီး ကိုယ်တိုင်မောင်းကြကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကိုလည်း သေချာနားမလည်ကြဘူးလို့ စစ်တွေဒေသခံတွေက ဝေဖန်ကြပါ တယ်။

“ဘုန်းကြီးတွေက ကိုယ့်ကားကိုယ်မောင်းပြီး တဝူးဝူးနဲ့ သွားနေကြတာ၊ စည်းကမ်းတွေလည်း ဘာမှ မသိဘူး။ ပြီးတော့ ဘုန်းကြီးတွေက ပြဿနာဖြစ်ရင် ရှင်းရလည်း ခက်တယ်”လို့ စစ်တွေဒေသခံတဦးက ပြောပါတယ်။

 ရခိုင်ပြည်နယ်အပြင် တခြားဒေသတွေမှာလည်း သံဃာတွေက ကိုယ်တိုင်ကားမောင်းလာပြီး ယာဉ်မတော်တဆမှု နဲ့ယာဉ်တိုက်မှုတွေဖြစ်ကာ လူသေဆုံး၊ထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ်တွေမကြာမကြာဖြစ်လေ့ရှိပါတယ်။

သာသနာ့ဝန်ထမ်း သာမဏေတွေနဲ့ ရဟန်း၊သံဃာတွေ ဆိုင်ကယ်၊ကား ကိုယ်တိုင်မောင်းနှင်တာတွေနဲ့ ပတ်သက် လို့ ဝိနည်းနဲ့မညီတဲ့အကြောင်း မဟနဥက္ကဌ ဗန်းမော်ဆရာတော်က NLD အစိုးရခေတ် မဟန အဖွဲ့အစည်း အဝေး တခုမှာမိန့်ကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် ရဟန်းသံဃာတွေ ဆိုင်ကယ်၊ကားမောင်နှင်တာနဲ့ပတ်သက်ပြီး အရေးယူနိုင်တဲ့ ပြစ်ဒဏ်တွေ လည်းရှိ ပေမယ့် နိုင်ငံတဝန်းက ဒေသတချို့မှာ ရဟန်း၊သံဃာတွေ ကိုယ်တိုင်ယာဥ်တွေမောင်းနှင်ကြတဲ့အလေ့အထ တွေ ရှိနေပြီး မတော်တဆဖြစ်ကြရတဲ့ အမှုအခင်း တွေလည်း ရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်အောက်တိုဘာလအတွင်း မိတ္ထီလာမြို့မှာ ကားမောင်လာပြီး ဆိုင်ကယ်သုံးစီးကို တိုက်မိခဲ့တဲ့ သံဃာတပါးအမှုဖွင့်အရေးယူခံခဲ့ရပါတယ်။ဒါ့အပြင် ၂၀၂၂ခုနှစ် အောက်တိုဘာလကလည်း ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်အတွင်းမှာ သံဃာတပါးမောင်းလာတဲ့ အိမ်စီးကား အရှိန်လွန်ပြီး လမ်းဘေးသစ်ပင် ကိုဝင်တိုက်မိလို့ အဲ့ဒီသံဃာအပြင် ကားပေါ်မှာလိုက်ပါလာတဲ့ ကလေးတဦးလည်းသေဆုံးခဲ့ပါတယ်။