ယူနိုက်တက်-ဘာစီလိုနာ ပွဲစဉ်ရဲ့ အရည်အသွေးကို ဘာစီလိုနာ မန်နေဂျာ ချီးကျူးစကားဆို

ယူရိုပါလိဂ် ပြိုင်ပွဲမှာ ပွဲကြီးပွဲကောင်း ယှဉ်ပြိုင်ပြခဲ့တဲ့ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက် နှစ်သင်းလုံးကို ဘာစီလိုနာ မန်နေဂျာ ရှာဗီ ဟာနန်ဒက်ဇ်က ချီးကျူးသွားပေမယ့် သူ့အသင်းက အနိုင်ရလဒ်နဲ့ ပိုထိုက်တန်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ယူရိုပါလိဂ် ရှုံးထွက်အဆင့် ပထမအကျော့အဖြစ် စပိန်ကလပ်ရဲ့ အိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင်ကြတဲ့ ပွဲစဉ်မှာ နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့အပေါ် ရှာဗီက မကျေမချမ်း ဖြစ်နေတာပါ။ ဘာစီလိုနာအတွက် မားကို့စ် အလွန်ဆိုနဲ့ ရာဖင်ဟာတို့က ဂိုးတွေသွင်းပြီး အင်္ဂလန် ကလပ်အတွက်တော့ လက်ရှိရာသီ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ မားကက်စ် ရက်ရှ်ဖို့ဒ်က တစ်ဂိုးသွင်းခဲ့သလို ဘာစီလိုနာ နောက်ခံလူ ဂျူးလ်စ် ခွန်ဒေးကလည်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာကြောင့် သရေနဲ့ ပွဲပြီးခဲ့တာပါ။

စပိန်သား မန်နေဂျာ ရှာဗီက ပရိသတ်တွေ အနေနဲ့ ပွဲကြီးပွဲကောင်း ကြည့်ခွင့်ရလို့ ကျေနပ်ခဲ့မှာ သေချာတယ်လို့ ဆိုပါတယ်။ တကယ့်ကို ခက်ခဲကြမ်းတမ်းတဲ့ ပွဲစဉ်တစ်ခုဖြစ်ကြောင်း၊ နှစ်သင်းလုံးက ပြင်းပြင်းပြပြ၊ စိတ်ထက်ထက်သန်သန်၊ အချိတ်အဆက်မိမိနဲ့ ကစားခဲ့ကြကြောင်း သူက BT Sport နဲ့ ပွဲပြီး အင်တာဗျူးမှာ ပြောပါတယ်။

သူ့အသင်းဟာ ဒီရလဒ်အပေါ် ဂုဏ်ယူသင့်တယ်လို့ ခံစားမိကြောင်း၊ ပွဲပြီးတဲ့ထိ မဆုတ်မနစ် ကြိုးစား ယှဉ်ပြိုင်ခဲ့သလို နောက်ဆုံးရခဲ့တဲ့ အခွင့်အရေး နှစ်ခုကို အသုံးချနိုင်ခဲ့ရင် အနိုင်ရခဲ့သင့်ကြောင်း၊ ဘာပဲဖြစ်ဖြစ် ဘာစီလိုနာဟာ ဥရောပ ထိပ်တန်း အသင်းတစ်ခုကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း ရှာဗီက မှတ်ချက် ပေးသွားပါတယ်။

သူက ယူနိုက်တက်ကို လမ်းကြောင်းမှန်ပေါ် ပြန်တည့်မတ်လာအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ အသင်းမန်နေဂျာ အဲရစ် တန်ဟက်ဂ်ကိုလည်း ချီးကျူးခဲ့ပါတယ်။ တန်ဟက်ဂ် လက်ထက်မှာ ယူနိုက်တက်ဟာ အကောင်းဆုံး ပုံစံဆီ ပြန်ဦးတည်လာနေတယ်လို့ ရှာဗီက မှတ်ချက် ပေးခဲ့သလို အိုးလ်ထရက်ဖို့ဒ်မှာ ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်အတွက် အကောင်းဆုံး ယှဉ်ပြိုင်ဖို့ လိုနေပြီဖြစ်ကြောင်း ပြောပါတယ်။

ဘာစီလိုနာရော၊ ယူနိုက်တက်ပါ လက်ရှိ အခြေအနေမှာ သဘောသဘာဝချင်း အတော်လေး ဆင်တူကြောင်း၊ ဘာစီလိုနာဟာလည်း ဆိုးရွားတဲ့ အခြေအနေတွေကနေ ပြန်ပြီး ရုန်းထလာရတာ ဖြစ်ကြောင်း၊ တန်ဟက်ဂ်ကိုတော့ ယူနိုက်တက်အတွက် သူစွမ်းဆောင်ပြခဲ့တာတွေကို ကြည့်ပြီး ဂုဏ်ပြုစကား ပြောသင့်ကြောင်း၊ ဘာစီလိုနာနဲ့ ယူနိုက်တက် ပွဲဟာ ဗိုလ်လုပွဲ၊ အကြိုဗိုလ်လုပွဲ အဆင့်မျိုးတွေ မဟုတ်တာကိုတော့ နှမျောမိကြောင်း ရှာဗီက ဆက်ပြောသွားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ ဒုတိယအကျော့ ပွဲစဉ်ကိုတော့ ဖေဖော်ဝါရီ ၂၄ ရက်ကျရင် မန်ချက်စတာမြေမှာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။

 

Ref: Eurosport