ရော်နယ်လ်ဒိုကို စာချုပ်ဖျက်သိမ်းဖို့ မန်ချက်စတာ ယူနိုက်တက် စတင်လုပ်ဆောင်

ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမှုတွေ ပါဝင်တဲ့ အင်တာဗျူး ထွက်ပေါ်လာအပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ လက်တွေ့ကျကျ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၁၈ ရက်မှာ အင်္ဂလန် ထိပ်တန်းကလပ်က ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးနဲ့ ပတ်သက်လို့ သင့်တင့်လျောက်ပတ်တဲ့ စီမံဆောင်ရွက်မှုတွေ စတင်နေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရော်နယ်လ်ဒိုရဲ့ လက်ကျန် စာချုပ်သက်တမ်းကို ဖျက်သိမ်းဖို့အတွက် ဥပဒေရေးရာ ပညာရှင်တွေနဲ့ စတင် ဆွေးနွေးနေပြီလို့ သိရပါတယ်။ 

ယူနိုက်တက် ဂန္ထဝင် တစ်ဦးလို့ သတ်မှတ်ခြင်း ခံထားရတဲ့ အသက် ၃၇ နှစ်အရွယ် ကစားသမားရဲ့ ဒုတိယ အကြိမ်မြောက် အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးကို စွန့်ခွာမှုဟာ အရမ်းခါးသီးမယ့် သဘောပါပဲ။ ရော်နယ်လ်ဒိုဟာ အသင်းမန်နေဂျာ အဲရစ်တန်ဟက်ဂ် အပါအဝင် အသင်းတာဝန်ရှိသူတွေ၊ အသင်းဖော်ဟောင်းတွေနဲ့ အသင်းဖွဲ့စည်းပုံတွေကို TalkTVနဲ့ အင်တာဗျူးမှာ ပြစ်ပြစ်နှစ်နှစ် ဝေဖန်ခဲ့ပါတယ်။ 

ဒီကိစ္စအပေါ် တန်ဟက်ဂ်က ဘယ်လိုမှ လက်မခံနိုင်ဘဲ ရော်နယ်လ်ဒိုကို ရှင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ဟန်ရှိပြီး အသင်းကလည်း မန်နေဂျာရဲ့ သဘောဆန္ဒကို လိုက်လျောတော့မယ့် အဓိပ္ပါယ်ပါပဲ။ ရော်နယ်လ်ဒိုဟာ ယူနိုက်တက်မှာ တစ်ပတ်ကို စတာလင်ပေါင် ၅ သိန်းလောက် လုပ်ခလစာ ရရှိနေသူပါ။ သူဟာ လက်ရှိ အချိန်မှာ စာချုပ် ဖျက်သိမ်း ခံခဲ့ရရင် စတာလင်ပေါင် ၁၆ သန်းလောက် နစ်နာမယ့် သဘောလည်း ဖြစ်ပါတယ်။ 

ကလပ်အသင်းနဲ့ နီးစပ်သူတွေကတော့ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပေါ်တူဂီ အသင်းနဲ့အတူ ကာတာကို ရောက်ရှိနေတဲ့ ရော်နယ်လ်ဒိုဟာ ပြိုင်ပွဲကြီး အပြီးမှာ ယူနိုက်တက်ဆီ ပြန်လာပူးပေါင်းခွင့် မရနိုင်လောက်တော့ဘူးလို့ ပြောပါတယ်။ 

ရော်နယ်လ်ဒိုဟာ အဖျားရောဂါ တစ်မျိုးကို အကြောင်းပြပြီး နိုဝင်ဘာ ၆ ရက်က အက်စ်တန်ဗီလာကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း ယူနိုက်တက်အတွက် မကစားခဲ့ပါဘူး။ သူမပါဝင်ခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ယူနိုက်တက်က ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၀၃ ကနေ ၂၀၀၉ အထိ ယူနိုက်တက်မှာ ပထမအကြိမ် ၆ နှစ်တာ ကစားခဲ့စဉ်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တစ်ဦး ဖြစ်လာတဲ့ အဆင့်ထိ စတင် တက်လှမ်းခဲ့သလို အသင်းရဲ့ ဂန္ထဝင် တစ်ဦးအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ ယူနိုက်တက်ကို တကျော့ပြန် ရောက်ရှိလာချိန်မှာတော့ အခြေအနေတွေက အရင်လို မဟုတ်ခဲ့သလို အခုဆိုရင် အသင်းနဲ့ ဆက်ဆံရေး အဖတ်ဆယ်လို့ မရနိုင်တော့တဲ့အထိ အဆင့်ထိ ခါးခါးသီးသီးတွေ ကြုံတွေ့လာခဲ့တာ ဖြစ်ပါတယ်။