ဘောလုံးကွင်းတွေမှာ ဘီယာရောင်းခွင့် ပိတ်လိုက်လို့ ကမ္ဘာ့ဖလား ပရိသတ်တွေ ဒေါသထွက် 

ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေ ကျင်းပရာ အားကစားကွင်းတွေမှာ ဘီယာ ရောင်းချခွင့် မပြုကြောင်း အိမ်ရှင် ကာတာနိုင်ငံက ထုတ်ပြန်လိုက်တာကြောင့် ပရိသတ်တွေ အကြီးအကျယ် ဒေါသထွက်နေပါတယ်။ 

ကာတာကတော့ ပြိုင်ပွဲ နီးကပ်လာလေလေ၊ ကမောက်ကမ အခြေအနေတွေကြောင့် နာမည်ပျက်လေလေ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ အခုကိစ္စ မတိုင်ခင်ကလည်း အရည်အသွေး ညံ့ဖျင်းလှတဲ့ အစားအသောက်တွေကို နိုင်ငံတကာ ဘောလုံးပရိသတ်တွေဆီ စျေးကြီးကြီးနဲ့ ရောင်းချတာ၊ ကောင်းကောင်းမွန်မွန် မဟုတ်လှတဲ့ တည်းခိုဆောင်လေးတွေရဲ့ ငှားရမ်းခ အရမ်းစျေးကြီးတာတွေကြောင့် ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ 

ပင်လယ်ကွေ့ ဒေသက မွတ်ဆလင် နိုင်ငံတစ်ခုဖြစ်တဲ့ ကာတာမှာ အရက်ဘီယာ သောက်စားခွင့်တွေကို တားမြစ်ထားပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလား ကာလအတွင်း ဘောလုံးကွင်းတွေမှာ ဘီယာ ရောင်းချခွင့်ပြုဖို့ ကာတာ အစိုးရက လက်ခံ ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ နိုဝင်ဘာ ၁၈ ရက်မှာတော့ ဘာသာရေးကို ပိုမို အလေးထားသင့်တယ်ဆိုတဲ့ ကာတာ အိမ်ရှေ့မင်းသားရဲ့ သဘောထားကြောင့် ရုတ်တရက် စည်းမျဉ်း ပြောင်းလဲသွားခဲ့တာလို့ ဆိုပါတယ်။

ကာတာအာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အရ ကမ္ဘာ့ဖလား ပွဲစဉ်တွေ ယှဉ်ပြိုင်မယ့် အားကစားကွင်း ၈ ခုစလုံးမှာ ဘီယာ ရောင်းချခွင့် ပိတ်ပင်သွားမှာပါ။ အဲဒီအစား ပရိသတ်တွေ စုဝေးဖို့ သတ်မှတ်ပေးထားတဲ့ နေရာတွေမှာတော့ ဘီယာ ရောင်းချခွင့် ပြုထားပါတယ်။ ဒါပေမဲ့ ညနေပိုင်းမှ ဘီယာ စရောင်းခွင့် ရှိမှာ ဖြစ်သလို ပွဲစဉ်တွေ ယှဉ်ပြိုင်နေချိန်မှာလည်း အရောင်းပိတ်ထားဦးမှာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)အတွက်တော့ ကာတာ အာဏာပိုင်တွေရဲ့ စိတ်အပြောင်းအလဲမှာ လုပ်ရကိုင်ရခက်တဲ့ အခြေအနေတွေ သေချာပေါက် ကြုံနေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ ကျင်းပတိုင်း ဖီဖာကို ဒေါ်လာ ၇၅ သန်း စပွန်ဆာကြေး ထောက်ပံ့လေ့ရှိတဲ့ Budweiser ကုမ္ပဏီနဲ့ မျက်နှာပျက်ကိန်း ရှိနေပါတယ်။ 

အိမ်ရှင် ကာတာနိုင်ငံရဲ့ ပိတ်ပင်မှုနဲ့ ပတ်သက်လို့ ဘောလုံးပွဲကို ဘီယာလေးသောက်ပြီး အရသာခံ အားပေးတတ်ကြတဲ့ အနောက်နိုင်ငံက ပရိသတ်တွေကို အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၀ ကနေ ဒီဇင်ဘာ ၁၈ ရက်ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။