ယူနိုက်တက်နိုင်ပြီး အာဆင်နယ် ရှုံးပွဲတွေ့ခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်များ (ပွဲပြီး သုံးသပ်ချက်)

 

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်း သက်တောင့်သက်သာ အနိုင်ရခဲ့ပြီး အာဆင်နယ်ကတော့ ပြိုင်ပွဲစုံ ၉ ပွဲဆက် ရှုံးပွဲမရှိတဲ့စံချိန် ရပ်တန့်ခံလိုက်ရပါတယ်။ 

မန်ချက်စတာ ယူနိုက်တက် ၃ – ၀ ရှရစ်ဖ် 

အုပ်စုအဆင့်က လွတ်မြောက်ရေး ရာနှုန်းပြည့် သေချာစေဖို့အတွက် ယူနိုက်တက်ဟာ ဒီပွဲကို အနိုင်ကစားသွားခဲ့ပါတယ်။ အပြုအမူပိုင်းဆိုင်ရာ ပြဿနာ တစ်ခုကြောင့် ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ လူစာရင်းက ချန်လှပ်ခံခဲ့ရတဲ့ ရော်နယ်လ်ဒို ပြန်လည် ပွဲထွက်လာသလို လူငယ် ကစားသမားလေး ဂါနာချိုလည်း ပွဲထွက် ၁၁ ဦးစာရင်းမှာ ပါဝင်ခွင့် ရလာပါတယ်။ မော်လ်ဒိုဗာ ကလပ်အသင်းငယ်လေး ရှရစ်ဖ်ကတော့ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးထဲမှာ ယူနိုက်တက်ကို ခုခံကစားဖို့ လုံလောက်တဲ့ အနေအထား မရှိခဲ့ပါဘူး။ ပွဲအစပိုင်း ကတည်းက ယူနိုက်တက်ရဲ့ တိုက်စစ်ဆင်မှုတွေကို ရှရစ်ဖ်ဂိုးသမား ကိုဗယ်လ် ကာကွယ်နေလို့သာ စောစော ဂိုးမရခဲ့တာပါ။ ယူနိုက်တက်အတွက် အဖွင့်ဂိုးကို ပထမပိုင်း ပြီးခါနီးမှာ အဲရစ်ဆန် ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကနေတဆင့် ဒါလော့က ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ၆၄ မိနစ်မှာ ဘယ်ခြမ်းက ရှော ကန်တင်ပေးတဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က ခေါင်းတိုက်ပြီး ဂိုးထပ်သွင်းပါတယ်။ ယူနိုက်တက်အတွက် အပိတ်ဂိုးကိုတော့ မိနစ် ၈၀ မှာ ဖာနန်ဒက်စ် ကန်တင်ပေးတဲ့ ဘောလုံးကို ရော်နယ်လ်ဒို ခေါင်းတိုက်ပေမယ့် ဂိုးသမား ပုတ်ထုတ်လို့ လျှံထွက်လာတာကို ရော်နယ်လ်ဒိုပဲ အပိုင်ပိတ်ပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ 

ပီအက်စ်ဗီ အိုင်ဟိုဗင် ၂ – ၀ အာဆင်နယ်

အုပ်စုအဆင့်က တက်ဖို့ သေချာနေပြီဖြစ်တဲ့ အာဆင်နယ်ဟာ ဒီပွဲမှာ အရန်ကစားသမား တချို့ကို ထုတ်သုံးခဲ့ပါတယ်။ အခုဘောလုံးရာသီ တလျှောက်လုံး ခြေစွမ်းပြနေတဲ့ အာဆင်နယ် အတွက်တော့ ဒုတိယမြောက် ရှုံးပွဲနဲ့ ကြုံတွေ့လာတာဖြစ်သလို ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခြင်းပါပဲ။ ပထမပိုင်း ပြီးခါနီးမှာ ပီအက်စ်ဗီရဲ့ လူငယ်တိုက်စစ်မှူး ဆိုင်မွန်စ်က အာဆင်နယ် ခံစစ်မှူးတွေကြားထဲ တစ်ကိုယ်တော် ထိုးဖောက်ပြီး ကန်သွင်းခဲ့တဲ့ ဂိုးကို VAR အဆုံးအဖြတ်နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့်လည်း ကံခေနေခဲ့သလို ပီအက်စ်ဗီ ဂိုးသမား ဘင်နီတက်ဇ်ရဲ့ လက်စွမ်းပြမှုတွေကြောင့်လည်း အရာမထင်ခဲ့ပါဘူး။ အိမ်ရှင် ပီအက်စ်ဗီအတွက် အဖွင့်ဂိုးကို ပွဲချိန် ၅၄ မိနစ်မှာ ဒီယောင် မျှောပေးလိုက်တဲ့ ဘောလုံးကို ဗီရာမန်က အပြင်းကန်သွင်းပြီး ရယူနိုင်ခဲ့ပါတယ်။ နောက်ပြီး ၆၂ မိနစ်မှာလည်း ဂက်ခ်ပို ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို ဒီယောင်က ခေါင်းတိုက်သွင်းပြီး အိမ်ရှင်တွေအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူသွားခဲ့ပါတယ်။ 

အခြားပွဲစဉ် ရလဒ်များ

ဇူးရစ်ချ် ၂ – ၁ ဘိုဒို/ဂလင့်

လာနာကာ ၃ – ၃ ဒိုင်နမိုကိယက်ဗ်

ဖီနာဘာချီ ၃ – ၃ ရင်းနက်စ်

လူဒိုဂိုရက်စ် ၀ – ၁ ရီးရဲလ်ဘက်တစ်

မယ်လ်မို ၀ – ၂ ယူနီယံ စိန့် ဂီလွိုင်စီ

ယူနီယံဘာလင် ၁ – ၀ ဘရာဂါ

လာဇီယို ၂ – ၁ မစ်ဂျေလန်း

ဟယ်လ်ဆင်ကီး ၁ – ၂ ရိုးမား

အိုမိုနီယာ နစ်ကိုရှား ၀ – ၂ ရီးရဲလ် ဆိုစီဒက်

စတမ်းဂရက်ဇ် ၁ – ၀ ဖိုင်ယန်နော့ဒ်

ဖရိုင်းဘာ့ဂ် ၁ – ၁ အိုလံပီယာကော့စ်

နန့်တေးစ် ၂ – ၁ ကွာရာဘက်ဂ်

ဖယ်ရန်ဗာရိုးစ် ၁ – ၁ မိုနာကို

ခရာဗီနာ ဇဗက်ဇ်ဒါ ၂ – ၁ ထရက်ဘ်ဇွန်စပေါ