ဒုတိယကမ္ဘာစစ်အလွန် အန္တရာယ် အကြီးဆုံး ကာလမျိုး ရောက်နေပြီလို့ ပူတင်ပြော 

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း စစ်ရေးတင်းမာမှုတွေ အန္တရာယ် အကြီးမားဆုံး ကြုံတွေ့နေတဲ့ ဆယ်စုနှစ် တစ်ခုကို တစ်ကမ္ဘာလုံး ဖြတ်သန်း ကြုံတွေ့နေရပြီဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။ 

အောက်တိုဘာ ၂၇ ရက်က ရှည်ရှည်လျားလျားနဲ့ ကဏ္ဍပေါင်းစုံ ထည့်သွင်း ပြောကြားသွားတဲ့ မိန့်ခွန်းမှာ ပူတင်က ဒုတိယ ကမ္ဘာစစ် ပြီးဆုံးချိန် ကတည်းက စစ်ရေးအရ အတင်းမာဆုံး ဆယ်စုနှစ်ကို လက်ရှိ အချိန်မှာ ကြုံတွေ့နေရပြီလို့ သတိပေးသွားပါတယ်။ 

သူက ရုရှားကို နိုင်ငံတကာ အပယ်ခံဘဝ ရောက်သွားစေခဲ့တဲ့ ယူကရိန်း ကျူးကျော်စစ်နဲ့ ပတ်သက်လို့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို ကာကွယ် ပြောဆိုခဲ့ပါတယ်။ နောက်ပြီး အနောက်နိုင်ငံတွေက ရုရှားကို နျူကလီးယား လက်နက်နဲ့ ပတ်သက်လို့ ဖိအားပေး နာမည်ဖျက်တာတွေ ရှိနေတယ်လို့လည်း ပူတင်က စွပ်စွဲပါတယ်။ 

မကြာသေးခင်က ရုရှားအနေနဲ့ ယူကရိန်းကို နျူကလီးယား လက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်လာနိုင်ကြောင်း ထင်ကြေးတွေ ပျံ့နှံ့လာတဲ့နောက် အနောက်နိုင်ငံတွေက ရုရှားအစိုးရကို အပြင်းအထန် ရှုတ်ချထားပါတယ်။ 

ယူကရိန်း စစ်မြေပြင်မှာ ရှုံးပွဲတွေ ထင်သာမြင်သာ ကြုံတွေ့နေတဲ့နောက် ပူတင်က ဗယ်လ်ဒိုင်ဖိုရမ်မှာ သူ့ရဲ့ မိန့်ခွန်းကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ရုရှားဟာ နျူကလီးယား လက်နက်တွေနဲ့ တိုက်ခိုက်ပါ့မယ်လို့ ဘယ်တော့မှ မပြောခဲ့ကြောင်း၊ အနောက်နိုင်ငံတွေရဲ့ ထင်ကြေး မှတ်ချက်တွေနဲ့ ပတ်သက်လို့သာ တုံ့ပြန်ခဲ့တာဖြစ်ကြောင်း ပူတင်က ဆိုတယ်။ 

သူက လက်ရှိအချိန်မှာ ရာထူးက နုတ်ထွက်သွားပြီဖြစ်တဲ့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း လစ်ဇ်ထရက်စ်ရဲ့ ဩဂုတ်လ၊ မဲဆွယ်လှုပ်ရှားမှုမှာ ပြောဆိုခဲ့တဲ့ စကားတစ်ခွန်းကို ကိုးကားပြပါတယ်။ အဲဒီတုန်းက ထရက်စ်ဟာ သူသာ ဝန်ကြီးချုပ် ဖြစ်လာပြီး အမှန်တကယ် လိုအပ်လာပြီ ဆိုတာနဲ့ နျူကလီးယား ဒုံးကျည်ခလုတ်တွေကို နှိပ်ဖို့ အသင့် ရှိနေစေမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီစကားမျိုးအတွက် ရုရှားဖက်က ဘယ်လို တုံ့ပြန်သင့်သလဲ၊ မကြားချင်ယောင် ဆောင်နေရမှာလားလို့ ပူတင်က မေးခွန်းထုတ်ပါတယ်။ 

တကယ်တမ်းမှာတော့ ပူတင်ကိုယ်တိုင်က ကိုယ့်နိုင်ငံကို ကာကွယ်ဖို့အတွက် ရှိသမျှ အရင်းအမြစ် အားလုံးကို အသုံးပြုသွားမယ်လို့ ပြောဆိုဖူးပါတယ်။ ဒါဟာ နျူကလီးယား လက်နက်တိုက်တွေကိုပါ ရည်ညွှန်းတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခံထားရပါတယ်။ 

နောက်ပြီး ပူတင်က ယူကရိန်းကို ကျူးကျော် စစ်ပြုခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ထပ်ပြီး ကာကွယ် ပြောဆိုသွားပါတယ်။ သူ့ရဲ့ မိန့်ခွန်းထဲမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ နောင်တရတာ၊ စိတ်မကောင်းဖြစ်တာ၊ နောက်ပြန်လှည့်ချင်တဲ့ သဘောထားမျိုး ပြသတာ လုံးဝ မရှိခဲ့တာကိုလည်း တွေ့ရပါတယ်။