ဒီပဲယင်းမြို့ပေါ် ရပ်ကွက်တခုမှာ စစ်တပ်က အရပ်သားတွေကိုနှင်ထုတ်ပြီး အိမ်နှစ်ဆယ်ကျော်မီးရှို့

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့၊ ကွက်သစ်ရပ်ကွက်မှာနေထိုင်သူတွေကို စစ်သားတွေက ညတွင်းချင်းနှင်ထုတ်ကာ နေအိမ်တွေကို မီးရှို့ခဲ့လို့ အိမ်နှစ်ဆယ်ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒီပဲယင်း ဒေသခံတဦးက DNA ကိုပြောပါတယ်။

“နှစ်ဆယ့်နှစ်အိမ် မီးလောင်ပျက်စီးသွားတယ်လို့ သိရတယ်၊နေအိမ်ထဲကလူတွေကို ထွက်ကြထွက်ကြလို့ အထွက်ခိုင်းပြီး ရှို့တာ” လို့ ဒေသခံတဦးကပြောပါတယ်။

ဒီပဲယင်း မြို့အထွက်က စစ်ကောင်စီဂိတ်နှစ်ခုကို ဇန်နဝါရီ(၂၉)ရက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေက ဝင် ရောက်ပစ်ခတ်ခဲ့ပြီးနောက် ညပိုင်းမှာ မြို့ပေါ် လူနေအိမ်တွေကို အခုလို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဂိတ်နှစ်ခု ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိတယ်လို့ ဆိုပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကိုတော့ မသိရပါဘူး။

အဲဒီပစ်ခတ်မှုဖြစ်အပြီးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လူနေရပ်ကွက်ထဲ သေနတ်တွေပစ်ဖောက်ဝင်ရောက် လာပြီး ရပ်ကွက်နေပြည်သူတွေကိုမောင်းထုတ်ကာ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်ဟာ အာဏာသိမ်းကာလအတွင်း ကျေးရွာ အများအပြားက နေအိမ် ငါးထောင်ဝန်းကျင် အထိ မီး ရှို့ဖျက်ဆီးခံထားရတာကြောင့် တနိုင်ငံလုံးမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အများဆုံးမြို့နယ်ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ဘေးရှောင် ကူညီရေး အဖွဲ့အစည်းတွေကပြောထားပါတယ်။

လက်ရှိမှာတော့ နယ်ဘက် ကျေးရွာတွေကိုသာမက မြို့ပေါ်က နေအိမ်တွေကိုပါ စစ်ကောင်စီက မီးရှို့ဖျက်ဆီး လာတာဖြစ်ပါတယ်။