ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းကို PDFတွေ ဝင်တိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၂၉ရက်နေ့ မွန်းလွဲ ၁၂နာရီလောက်မှာ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးစခန်းကို မုံရွာခရိုင်တပ်ရင်း (၁) သံမဏိတပ်ခွဲ ၊ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၁)(RES၊တောင်ပေါ်ပုဏ္ဏက၊ပုံတောင် Tiger PDF) ၊တပ်ရင်း (၂) ၊ Myaing’s Hero Generationတပ်ရင်း (M.H.G) ၊God Of Myaing၊ Guerilla Ranger တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ P.W ထုတ်လုပ်ရေးရဲဘော်တွေ၊ 1.0.1၊ Urban Revolution Force၊ Underground Revolution Force၊ Underground Army၊ Aung San Force နဲ့တောင်ပိုင်းမဟာမိတ်အဖွဲ့တွေ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးအလုံးရေ ၅၆လုံးခန့်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးတွေဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှု မရှိခဲ့ပါဘူး။ ပျူစောထီးတွေဘက်က ထိခိုက်သေဆုံးသူတွေ များပြားနိုင်တယ်လို့ ဆိုပါတယ်။