ကြေးနီစီမံကိန်းလုံခြုံရေးယူဖို့ရောက်လာတဲ့စစ်တပ်ကြောင့် ရွာ၁၂ရွာကပြည်သူတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လုံခြုံရေးယူဖို့ အကြမ်းဖက်စစ်သား၁၀၀လောက် ရောက်ရှိလာတာကြောင့် အနီးဝန်းကျင်ရှိရွာ၁၂ရွာကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကြေးနီစီမံကိန်းလုံခြုံရေးအတွက် ဆားလင်းကြီးမြို့နယ်၊ဝါးတန်းရွာကို မနေ့က ရောက်ရှိလာပြီး အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စား သောက်ကာ ပြည်သူတွေရဲ့အိမ်တွေကို ဖောက်ထွင်းမွှေနှောက်ခိုးယူခြင်းတွေပြုလုပ်နေကြောင်း ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုက ဒီနေ့ထုတ်ပြန်ပါတယ်။
‘စစ်ခွေးတွေရဲ့ ရည်ရွယ်ချက်က လက်ပံတောင်းတောင်အနီးဝန်းကျင်ရွာတွေမှာ လူမရှိအောင် အကုန်မောင်း ထုတ်ချင်ပုံရတယ်။အဲဒါမှ လက်ပံတောင်းတောင်စီမံကိန်း တိုက်ခိုက်မယ့်သူတွေလာရင် အပြင်စည်းကနေ ဟန့်တားပြီးသားဖြစ်မယ်လို့ တွက်ဆပုံရတယ်။အတွင်းစည်းအနေနဲ့ ကြေးနီစီမံကိန်းထဲမှာ လုံခြုံရေးထပ်ရှိ မယ်။ဒါကြောင့် အခုဝါးတန်းရွာရောက်နေတဲ့ တပ်ဟာ အပြင်စည်းလုံခြုံရေးအတွက်ရောက်လာပုံရတယ်’လို့ ပုလဲမြို့နယ်အခြေစိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေကသုံးသပ်ပါတယ်။
အခုဝါးတန်းရောက်နေတဲ့စစ်တပ်ဟာ ရက်ဘယ်လောက်ကြာရွာထဲနေမယ်ဆိုတာကို မသိကြောင်း ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုကထုတ်ပြန်ပါတယ်။
အဲဒီစစ်တပ်ဟာ မနေ့မနက်ပိုင်း၅နာရီလောက်က ယင်းမာပင်ဘက်ကနေ ရောက်ရှိလာခြင်းဖြစ်တယ်လို့ သိရပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပြန်လည်ပတ်ခွင့်ပြုမှာမဟုတ်ဘူးလို့ Salingyi People’s Force (S.P.F) နဲ့ ဒေသခံ မဟာမိတ်အဖွဲ့တွေက မေ၂ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။