လောင်းလုံးမြို့နယ် သကျက်တောနယ်မြေရဲစခန်း အတိုက်ခံရ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ သကျက်တောနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မေလ ၅ရက်နေ့ ည၉နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွေးသစ္စာသီချင်းကို သီဆိုပြီး သကျက်တောနယ်မြေရဲစခန်းကို လက်နက်ကြီးတွေနဲ့ပါ ဝင်ရောက်ပစ်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“စစ်တပ်က တပ်ကူတွေရောက်လာလို့ စခန်းသိမ်းနိုင်တဲ့အထိ ဖြစ်ပုံတော့မရဘူး၊ စခတွေက အခုရွာထဲကို ဝင်မွှေနေလို့ ရွာကအကုန်ထွက်ပြေးနေရတယ် အဖမ်းခံထားရတဲ့သူတွေလည်း ရှိတယ်လို့ကြားတယ်”လို့ လောင်းလုံးဒေသခံတစ်ဦးကပြောပါတယ်။
သကျက်တောနယ်မြေရဲစခန်း အတိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ပက်သက်ပြီး ထိခိုက်မှုဒဏ်ရာရရှိသူတွေ ရှိမရှိနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သီးခြား စုံစမ်းနေဆဲဖြစ်ပါတယ်။
ဓာတ်ပုံ- Google