ကျွန်းလှနယ်တောင်ယာဆိပ်ကျေးရွာမီးရှို့ဖျက်ဆီးခံရ၊ကန့်ဘလူခရိုင်မှာ ပြည်သူတသောင်းကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် တောင်ယာဆိပ်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ(၃၀)ရက် ဒီကနေ့မနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်တွေနဲ့ တခြား ထိခိုက်ဆုံးရှုံးမှုအခြေအနေကိုတော့ မသိရသေး ဘူးလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၈နဲ့ပျူစောထီး စုပေါင်းအင်အား ၁၂၀ဝန်းကျင်ပါစစ်ကြောင်းက ဒီကနေ့မနက်အစောပိုင်းမှာ ရွာထဲ စစ်ကြောင်းထိုးဝင်လာပြီး အကြမ်းဖက်မီးရှို့ ဖျက်ဆီးခဲ့တာလို့သိရပါတယ်။

“တောင်ယာဆိပ်ကတော့မီးရှို့ခံထားရတယ်၊ဘယ်နှအိမ်လဲတော့မသိဘူး အခုကတော့ စစ်ကြောင်းထွက်သွားပေ မယ့် စစ်ကြောင်းက ဘေးပတ်လည်ရွာတွေနားပဲရှိတာမို့ ဘယ်သူမှ ပြန်မဝင်ရဲပါဘူး လေး၊ငါး ရက်မှ ဝင်ကြ တာ”လို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

 အဲ့ဒီ့စစ်ကြောင်းက တောင်ယာဆိပ်ရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ကန့်ဘလူမြို့နယ် မကျီး ကုန်းရွာဘက် ဦးတည် ထွက်ခွါသွားတယ်လို့လဲသိရပါတယ်။

ဒီကနေ့တောင်ယာဆိပ်ရွာကိုမီးရှို့သွားတဲ့စစ်ကြောင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကစလို့ နှစ်လတာအတွင်း ကန့်ဘ လူနဲ့ကျွန်းလှမြို့နယ်တွေထဲ ရွာရှစ် ရွာက ပြည်သူပိုင်နေအိမ် (၂၀၀) ကျော်၊ စစ်ရှောင်တဲ ၃၀ ဝန်းကျင်နဲ့ စပါးတင်း ထောင်နဲ့ချီ အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ (၁၃) ဦးကိုလည်းအကြမ်း ဖက်ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ကဆိုပါတယ်။

ဒါ့အပြင် ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းတွေနဲ့ စပါးတွေ ခိုးယူတာ၊အိမ်‌မွေးတိရိစ္ဆာန် ကြက်၊ဝက် နဲ့လယ်ယာသုံး ကျွဲ၊နွားတွေကိုလည်း ပြန်ရောင်းစားဖို့ ခိုးယူသွားတယ်လို့ အဲ့ဒီအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

စစ်ကောင်စီက နှစ်လကြာ ဆက်တိုက်စစ်ကြောင်းထိုးနေတဲ့အတွက် ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တို့ရှိ ရွာ ပေါင်း(၁၂)ရွာက ပြည်သူတသောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။

photo ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့