ဆော်ဒီမြေမှာ ထိပ်တိုက် ပြန်ဆုံခဲ့ကြတဲ့ ရော်နယ်လ်ဒိုနဲ့ မက်ဆီ

လက်ရှိ မျိုးဆက်ရဲ့ အရှိန်အဝါ အကြီးမားဆုံး ပြိုင်ဘက် ဘောလုံးကြယ်ပွင့်နှစ်ဦး ပြန်လည် ရင်ဆိုင်ကြတဲ့ ပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရော၊ လီယွန်နယ် မက်ဆီပါ အသီးသီး ဂိုးသွင်းနိုင်ခဲ့ကြပါတယ်။
ဇန်နဝါရီ ၁၉ ရက်က ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ ဆော်ဒီအာရေးဘီးယား ဘောလုံးလိဂ်ရဲ့ အကောင်းဆုံး All-Star အသင်းတို့ ခြေစမ်းပွဲ ကစားရာမှာ ပီအက်စ်ဂျီက ၅-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အဲဒီပွဲမှာ ပီအက်စ်ဂျီအတွက် အာဂျင်တီးနားသား မက်ဆီက အဖွင့်ဂိုး သွင်းခဲ့သလို ရော်နယ်လ်ဒိုကလည်း All-Starအတွက် နှစ်ဂိုး သွင်းခဲ့ပါတယ်။
ကစားသမား နှစ်ယောက်စလုံးဟာ ပွဲချိန် တစ်နာရီလောက် အရောက်မှာတော့ ကွင်းထဲကနေ အသီးသီး လူစားလဲ ထွက်ခွာခဲ့ကြပါတယ်။ ဆော်ဒီရဲ့ မြို့တော် ရီယတ်ဒ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်ဟာ မျိုးဆက်တစ်ခုစာ ကာလမှာ အတောက်ပဆုံး ကစားသမားနှစ်ဦး ထိပ်တိုက် တွေ့ဆုံတာလည်းဖြစ်လို့ ပရိသတ်တွေ အထူးတလည် စိတ်ဝင်စားခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ကို စုစုပေါင်း ၁၂ ကြိမ် ရယူပြထားသူတွေ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ အခုလမှာ ဆော်ဒီကလပ် အယ်လ်နက်ဆာနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ အဲဒီ စာချုပ်အရ သူဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာ အမြင့်ဆုံး အားကစားသမား ဖြစ်လာကြောင်း သတင်းတွေက ဖော်ပြပါတယ်။
ရော်နယ်လ်ဒို အနေနဲ့ ဆော်ဒီက All-Star အသင်းနဲ့တူ ပါဝင် ခြေစွမ်းပြခဲ့ပေမယ့် အသင်းသစ် အယ်လ်နက်ဆာမှာတော့ ပွဲထွက်ခွင့် မရသေးပါဘူး။ အကြောင်းကတော့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝတုန်းက ချမှတ်ခံရတဲ့ ပွဲပယ်ပြစ်ဒဏ် မစေ့သေးလို့ပါ။ ဒါပေမဲ့ သူဟာ အခု သီတင်းပတ်ကုန်မှာ အက်တီဖက် အသင်းနဲ့ ကစားမယ့် ပွဲစဉ်ကျရင်တော့ အယ်လ်နက်ဆာ အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာမယ်လို့ ယုံကြည်ရပါတယ်။