ရော်နယ်လ်ဒိုကို အသင်းလူစာရင်းကနေ ချန်လှပ်လိုက်ကြောင်း ယူနိုက်တက် ထုတ်ပြန် 

လေးစားမှု ကင်းမဲ့တဲ့ အပြုအမူအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်းလူစာရင်းကနေ ချန်လှပ်ထားမယ်လို့ မန်ချက်စတာ ယူနိုက်တက်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ 

သူဟာ အခုသီတင်းပတ်ကုန် ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကို ယူနိုက်တက် အသင်းဖော်တွေနဲ့ လိုက်ပါခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးဟာ အသင်းနဲ့လည်း ပူးပေါင်း လေ့ကျင့်ခွင့် မရှိဘဲ တစ်ဦးတည်း သီးခြား လေ့ကျင့်နေပါတယ်။ ဒီအခြေအနေတွေအရ ရော်နယ်လ်ဒိုဟာ ဆောင်းရာသီ စျေးကွက်ကာလမှာ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးကို စွန့်ခွာဖို့ သေချာသလောက် ဖြစ်လာပါတယ်။ 

ကြားရက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ယူနိုက်တက်ဟာ နယူးကာဆယ် ယူနိုက်တက်ကို နှစ်ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ ရော်နယ်လ်ဒို ပွဲထွက်ခွင့် မရခဲ့ဘဲ အရန်ခုံမှာသာ ရှိနေခဲ့ပါတယ်။ နောက်တော့ သူက ပွဲမပြီးခင် ထထွက်သွားပြီး ပရိသတ်တွေကိုလည်း နှုတ်မဆက်ဘဲ ဥမင်ထဲ ဝင်သွားခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ဝေဖန်စရာတွေ ဖြစ်ခဲ့သလို စည်းကမ်းတင်းကျပ်တဲ့ အသင်းမန်နေဂျာ အဲရစ် တန်ဟက်ဂ် အတွက်လည်း အမျက်ထွက်စရာ ဖြစ်လာပါတယ်။ နောက်တော့ အသင်းက မန်နေဂျာရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အဝ ထောက်ခံပြီး အသင်းရဲ့ အကျော်ကြားဆုံး ကြယ်ပွင့် ကစားသမား ဖြစ်နေတဲ့တိုင်၊ ရော်နယ်လ်ဒိုကို စည်းကမ်းပိုင်းအရ တုံ့ပြန် အရေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

အောက်တိုဘာ ၂၀ ကတည်းက ရော်နယ်လ်ဒိုဟာ အသင်းနဲ့ ပူးပေါင်းခွင့် မရဘဲ သီးခြား လေ့ကျင့်နေတယ်လို့ သိရပါတယ်။ ညပိုင်းမှာတော့ ယူနိုက်တက်က ချဲလ်ဆီးနဲ့ပွဲစဉ် လူစာရင်းမှာ ရော်နယ်လ်ဒို ပါဝင်မှာ မဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ တခြား အသင်းသား အားလုံးကတော့ အဲဒီပွဲအတွက် အပြည့်အဝ အာရုံစိုက် ပြင်ဆင်နေတယ်လို့ ယူနိုက်တက်က ဆိုပါတယ်။ 

ရော်နယ်လ်ဒိုကတော့ ပွဲမပြီးခင် ထပြန်သွားတဲ့ ကိစ္စကို အတိအကျ မရည်ညွှန်းပေမယ့် သူဟာ လူငယ်တွေရဲ့ ရှေ့ဆောင်လမ်းပြကောင်းအဖြစ် ရပ်တည်နိုင်အောင် အမြဲတမ်း ကြိုးစားခဲ့ကြောင်း၊ ကံမကောင်းစွာနဲ့ပဲ အခြေအနေတွေက မျှော်လင့်သလို အမြဲတမ်း မဖြစ်နိုင်တာတွေ ရှိတတ်ကြောင်း၊ အခုအခါ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး လုပ်နိုင်သမျှ လုပ်ဆောင်နေပြီး အသင်းဖော်တွေကို အစွမ်းကုန် အားပေးနေမှာ ဖြစ်သလို လိုအပ်လာရင်လည်း အသင်းအတွက် အရာရာ ပေးဆပ်ဖို့ အသင့်ပြင်ဆင်ထားမှာဖြစ်ကြောင်း Instagramမှာ ရေးသားထားခဲ့ပါတယ်။ 

ရော်နယ်လ်ဒိုဟာ မျိုးဆက်တစ်ခုစာ ကာလအတွင်း အကောင်းဆုံး ဘောလုံးသမား တစ်ဦးအနေနဲ့ ရပ်တည်ခဲ့တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ကစားသမားဘဝ ဆည်းဆာချိန်မှာ အရန်ခုံ ရောက်နေတဲ့အပေါ် ယူနိုက်တက် မန်နေဂျာ တန်ဟက်ဂ်နဲ့ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ပြီး အခုလို မလိုလားစရာ အခြေအနေတွေ ကြုံလာရတာပါ။ ရော်နယ်လ်ဒိုဟာ နွေရာသီ စျေးကွက် ကာလကတည်းက ယူနိုက်တက်ကနေ ထွက်ခွာဖို့ စီစဉ်ခဲ့ဖူးပေမယ့် တိကျတဲ့ ကမ်းလှမ်းမှုတွေ မရခဲ့တာကြောင့်သာ အသင်းမှာ ဆက်ရှိနေတာလို့လည်း သတင်းတွေ ပျံ့နှံ့ခဲ့ဖူးပါတယ်။