ဗီလာမန်နေဂျာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဂျရတ်

လီဗာပူးလ် ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ဟာ လက်ရှိ အက်စ်တန်ဗီလာ အသင်းရဲ့ မန်နေဂျာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ 

ဖူလ်ဟမ်ကို ၃-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရဲ့ ရလဒ်ကတော့ ဂျရတ်အပေါ် ထားရှိတဲ့ ဗီလာအသင်းဖက် စိတ်ရှည် သည်းခံမှုတွေ အဆုံးသတ်သွားဖို့ လုံလောက်စေခဲ့ပါတယ်။ ကလပ်အသင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက အသင်းအနေနဲ့ ဂျရတ်ရဲ့ အာရုံစူးစိုက်မှု၊ ကြိုးစားအားထုတ်မှုတွေကို အမြဲ သတိရနေမှာဖြစ်ပြီး အနာဂတ်မှာ ဂျရတ် အောင်မြင်ဖို့ ဆန္ဒပြုပေးကြောင်း ပြောပါတယ်။ 

ဗီလာဟာ နွေရာသီ စျေးကွက်ကာလမှာ ကစားသမားကောင်းတွေ ဝယ်ယူဖြည့်တင်းပြီး ရည်မှန်းချက် ကြီးကြီးမားမားနဲ့ ပြင်ဆင် တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားပြီးချိန်ထိ ၂ ပွဲသာနိုင်ပြီး ၆ ပွဲ ရှုံးထားတာက အသင်းအတွက်ရော၊ ပရိသတ်တွေ အတွက်ပါ လက်ခံဖို့ ခက်လွန်းနေခဲ့ပါတယ်။ 

အသက် ၄၂ နှစ်အရွယ် ဂျရတ်ဟာ လီဗာပူးလ် အသင်းမှာ အတောက်ပဆုံး ကစားသမား ဘဝကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် မန်နေဂျာ နယ်ပယ်ထဲ ခြေလှမ်းသစ် စတင်ခဲ့တာ ဖြစ်ပါတယ်။ စကော့တလန်ကလပ် ရိန်းဂျားစ်မှာ မန်နေဂျာဘဝ အဖွင့်လှခဲ့တဲ့နောက် သူ့ကို ဗီလာက ကမ်းလှမ်း ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ဗီလာမှာ ၁၁ လအတွင်း ပွဲ ၄၀ ကိုင်တွယ်ပြီး ၁၃ ပွဲသာ အနိုင်ရခဲ့တာကြောင့် အသင်းက အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ကံကြမ္မာက ဂျရတ်ကို ဘက်ပေါင်းစုံမှာ မျက်နှာသာ မပေးခဲ့ဘဲ ဖူလ်ဟမ်ကို အရေးနိမ့်တဲ့ ပွဲမှာဆိုရင် ဗီလာဟာ အနီကတ်ထိ၊ ကိုယ့်ဂိုးကိုယ်သွင်း၊ ပြိုင်ဘက်ကို ပင်နယ်တီ ကန်ခွင့် ပြုခဲ့ရပါတယ်။ အသင်းတစ်သင်းအတွက် အနုတ်လက္ခဏာဆန်တဲ့ အဲဒီလို ဖြစ်ရပ်သုံးခုကို ပွဲစဉ်တစ်ခုတည်းမှာတင် ကြုံလာခြင်းက ပရီးမီးယားလိဂ်မှာ ပထမဆုံး ဖြစ်ပါတယ်။ 

လတ်တလောမှာတော့ ဗီလာအသင်းက ဂျရတ်နေရာမှာ အစားထိုးဖို့ လူသစ်ရှာနေပြီး မော်ရစ်စီယို ပိုချက်တီနို၊ အူနိုင်း အမ်မရီနဲ့ မိုက်ကယ် ဘီရာလီတို့ကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။