ရော်နယ်လ်ဒိုနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို စာချုပ် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ 

နိုဝင်ဘာ ၂၂ ရက် ညပိုင်းမှာ အင်္ဂလန် ကလပ်အသင်း ကြေညာတဲ့ ထုတ်ပြန်ချက်မှာ အသက် ၃၇ နှစ်အရွယ် ကစားသမားနဲ့ နှစ်ဖက် သဘောတူ စာချုပ် ဖျက်သိမ်းလိုက်ပြီး ဒီဆုံးဖြတ်ချက်ဟာ ချက်ချင်းလက်ငင်း အသက်ဝင်လာမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါကြောင့် ပေါ်တူဂီနဲ့အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ကာတာကို ရောက်ရှိနေတဲ့ ရော်နယ်လ်ဒိုဟာ လောလောဆယ်မှာ ကလပ်လက်မဲ့ ကစားသမား ဖြစ်သွားပါပြီ။ သူဟာ အင်တာဗျူး တစ်ခုမှာ အသင်းမန်နေဂျာ အဲရစ်တန်ဟက်ဂ်၊ အသင်းဖော်ဟောင်း တချို့နဲ့ အသင်းရဲ့ တာဝန်ရှိသူ တချို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ခဲ့တဲ့ ဖြစ်ရပ်အပြီး အခုလို အခြေအနေထိ ရောက်လာခဲ့တာပါ။ 

ရော်နယ်လ်ဒိုရဲ့ ပထမအကြိမ် ယူနိုက်တက် ကစားသမား ဘဝက ခမ်းနား လှပခဲ့သလောက် ဒုတိယအကြိမ် ပြန်ရောက်လာတဲ့ အခါမှာတော့ ခါးသီးမှုတွေနဲ့သာ လမ်းခွဲခဲ့ရတာ ဖြစ်ပါတယ်။ 

အသင်းက အခုစာချုပ် ဖျက်သိမ်းမှုဟာ နှစ်သီးနှစ်ဖက် သဘောတူ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ကြေညာပြီး ရော်နယ်လ်ဒိုနဲ့ သူ့မိသားစု အနာဂတ်မှာ အဆင်ပြေဖို့ ဆုတောင်းပေးကြောင်းလည်း ဖော်ပြထားပါတယ်။ အခုအချိန်မှာတော့ ကျန်တဲ့ အသင်းသား အားလုံးဟာ မန်နေဂျာ တန်ဟက်ဂ်ရဲ့ လက်အောက်မှာ တိုးတက်မှုတွေ ပိုမို ဖြစ်ထွန်းလာပြီး ကွင်းတွင်း အောင်မြင်မှုတွေ ရယူဖို့သာ အဓိက အာရုံစိုက်သွားတော့မယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ရော်နယ်လ်ဒိုဟာ ကာတာမှာ ရှိနေတဲ့အချိန် မီဒီယာတွေနဲ့ အင်တာဗျူးတဲ့အခါ သူ့အနေနဲ့ ပြောချင်တဲ့ အချိန်မှာ ပြောချင်တဲ့ အကြောင်းအရာကို ထုတ်ပြောမှာပဲလို့ မှတ်ချက် ပေးသွားပါတယ်။ ယူနိုက်တက်နဲ့ သူနဲ့ကြားက ပြဿနာကြောင့် ပေါ်တူဂီ အသင်းအပေါ် ထိခိုက် သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့လည်း ရော်နယ်လ်ဒိုက ဆိုတယ်။ 

ရော်နယ်လ်ဒိုဟာ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ စတာလင်ပေါင် ၅ သိန်းလောက် ရရှိနေသူဖြစ်ပြီး လက်ကျန် ၇ လသက်တမ်း စာချုပ်အတွက် လုပ်ခလစာတွေကိုတော့ ရရှိတော့မှာ မဟုတ်ပါဘူး။ သူဟာ အသင်းလက်မဲ့ ဖြစ်သွားတဲ့အတွက် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ရော်နယ်လ်ဒို အနေနဲ့ အသင်းသစ် တစ်ခုကို အလွတ် ပြောင်းခွင့် ရမှာပါ။ 

ယူနိုက်တက်နဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေအပြီး စာချုပ်ကို သတ်မှတ်ကာလထက် စောပြီး အဆုံးသတ်ဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြောင်း၊ သူဟာ အသင်းနဲ့ ယူနိုက်တက်အပေါ် ချစ်ခင်ပြီး ဒီသဘောထားကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ အခုအခါမှာ သူ့အတွက် စိန်ခေါ်မှု အသစ်တွေ ရှာဖွေဖို့ သင့်တော်တဲ့အချိန် ရောက်လာပြီလို့ ယူဆမိကြောင်း၊ ယူနိုက်တက် အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးကြောင်း ရော်နယ်လ်ဒိုဖက်က ထုတ်ပြန်သွားပါတယ်။ 

သူဟာ ယူနိုက်တက်မှာ နှစ်ကြိမ် လာရောက်ကစားခဲ့တဲ့ ၇ နှစ်ကျော် ကာလတွေအတွင်း ၃၄၆ ပွဲကစားပြီး ၁၄၅ ဂိုးထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

Delta News

Read Previous

ဂန့်ဂေါမှာ လက်နက်ကြီးထိလို့ ပြည်သူနှစ်ဦး ထက်မနည်းသေဆုံး

Read Next

အံ့ဩစရာ ရှုံးနိမ့်မှုအတွက် ဆင်ခြေပေးစရာ မရှိဘူးလို့ မက်ဆီ ဝန်ခံ