အံ့ဩစရာ ရှုံးနိမ့်မှုအတွက် ဆင်ခြေပေးစရာ မရှိဘူးလို့ မက်ဆီ ဝန်ခံ

Argentina’s Lionel Messi standing beside Saudi Arabia’s players celebrating after winning the World Cup group C soccer match between Argentina and Saudi Arabia at the Lusail Stadium in Lusail, Qatar, Tuesday, Nov. 22, 2022. (AP Photo/Natacha Pisarenko)

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အံ့ဩစရာ အကောင်းဆုံး ရလဒ်တစ်ခုအဖြစ် ဆော်ဒီအာရေးဘီးယားကို အရေးနိမ့်သွားတဲ့အပေါ် ဘာဆင်ခြေမှ ပေးစရာ မရှိကြောင်း အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ဝန်ခံခဲ့ပါတယ်။ 

မက်ဆီဟာ အဲဒီပွဲစဉ်မှာ ၁၀ မိနစ် ကတည်းက ပင်နယ်တီဂိုး သွင်းယူပြီး အာဂျင်တီးနားအတွက် ဦးဆောင်မှု ရယူပေးခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဆော်ဒီရဲ့ အံ့ဩစရာ ကောင်းလောက်အောင် တုံ့ပြန်မှုတွေကြောင့် ၂ ဂိုးပေးလိုက်ရပြီး တောင်အမေရိက ချန်ပီယံတွေ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ 

ပထမပိုင်းမှာ အာဂျင်တီးနားဖက်က သွင်းယူတဲ့ ၃ ဂိုးထိ လူကျွံဘော သတ်မှတ်ပြီး ပယ်ဖျက်ခံရပေမယ့်လည်း မက်ဆီကတော့ ဒီရှုံးပွဲဟာ အမှန်တကယ် ထိုက်တန်ပြီး ဆင်ခြေပေးစရာ မရှိကြောင်း ပြောပါတယ်။ အာဂျင်တီးနားဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတစ်သင်း ဖြစ်ပေမယ့် အုပ်စုအဖွင့် ပွဲစဉ်မှာတင် ကမ္ဘာ့အဆင့် ၅၁ နေရာက ဆော်ဒီကို အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ 

အာဂျင်တီးနားဟာ အခုပွဲ မတိုင်ခင် ၃၆ ပွဲဆက်တိုက် အရှုံးမရှိခဲ့သလို ၂၀၂၁ ခုနှစ်၊ ကိုပါ တောင်အမေရိက ချန်ပီယံဆုကိုပါ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ သတင်းထောက်တွေက ပွဲရလဒ်ကြောင့် သူနဲ့ အသင်းဖော်တွေ ဘယ်လို ခံစားရသလဲလို့ မေးတဲ့အခါ မက်ဆီက အမှန်ပြောရရင် အားလုံး သေချင်စိတ် ပေါက်သွားကြောင်း၊ ဒါဟာ ပြင်းထန်လွန်းတဲ့ ထိုးနှက်ချက် တစ်ခုဖြစ်ပြီး ပြိုင်ပွဲကို အခုလို ပုံစံနဲ့ အစပြုရမယ်လို့ မျှော်လင့် မထားခဲ့ကြောင်း ဖြေကြားခဲ့ပါတယ်။ 

မက်ဆီက ဆက်လက်ပြီး ကိစ္စတိုင်းဟာ အကြောင်းရင်း ခိုင်မာလို့ ဖြစ်လာကြကြောင်း၊ အခုအချိန်မှာတော့ လာမယ့် ပွဲစဉ်တွေမှာ အနိုင်ရဖို့ အဓိက ကြိုးစား ပြင်ဆင်ရမှာဖြစ်ပြီး ဒီကိစ္စဟာ သူတို့ အာဂျင်တီးနား ကစားသမားတွေ အပေါ်မှာသာ မူတည်နေတယ်လို့လည်း ဆိုပါတယ်။ ရှုံးပွဲနဲ့ ပတ်သက်လို့တော့ ဘာဆင်ခြေမှ ပေးစရာ မရှိကြောင်း၊ အာဂျင်တီးနား အသင်းဟာ အရင်ကထက် ပိုစည်းလုံးလာမှာ ဖြစ်ကြောင်း၊ အသင်းရဲ့ စုဖွဲ့မှုက တောင့်တင်းပြီးသား ဖြစ်သလို အသင်းရဲ့ အရည်အသွေးမှန်ကို နောက်ပွဲတွေမှာ ပြသသွားဖို့ စိတ်ပိုင်းဖြတ်ထားကြကြောင်းလည်း မက်ဆီက ပြောကြားသွားပါတယ်။ 

အာဂျင်တီးနားဟာ အုပ်စုတွင်းမှာ အားအနည်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ဆော်ဒီကို ဗွေဆော်ဦး ရှုံးနိမ့်သွားတဲ့နောက် ရှုံးထွက်အဆင့် တက်ရောက်ဖို့ဆိုရင် ပိုမိုတောင့်တင်းတဲ့ ပိုလန်၊ မက္ကဆီကို အသင်းတွေနဲ့ပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။