အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ နှစ်ရာ့ခြောက်ဆယ်ထိ မြင့်တက်လာ 

အင်ဒိုနီးရှား နိုင်ငံမှာ ငလျင်ကြောင့် သေဆုံးသူ ဦးရေဟာ ၂၆၀ ကျော်ထိ မြင့်တက်လာခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့တွေက အပျက်အစီးတွေ အောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေဖို့ ပိုပြီး အရှိန်မြှင့် ကြိုးစားနေပါတယ်။ 

နိုဝင်ဘာ ၂၂ ရက် ညပိုင်းထိ စာရင်းတွေအရ အနောက်ဂျာဗား ပြည်နယ်မှာ လှုပ်ခတ်သွားတဲ့ ရစ်ချ်တာစကေး ၅.၆ အဆင့် ငလျင်ကြောင့် သေဆုံးသူ ၂၆၈ ဦး ရှိလာကြောင်း သိရပါတယ်။ ဒါ့အပြင် လူပေါင်း ၁၀၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ၁၅၁ ဦးထက်မနည်း ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက စီယန်ဂျာမြို့နားမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အိမ်ခြေ ၂၂၀၀၀ ကျော် ပျက်စီးခဲ့ပြီး အဲဒီထဲက တော်တော်များများဟာ လုံးဝဥဿုံ ပြိုကျသွားခဲ့ပါတယ်။ ပြီးတော့ ကျောင်းတချို့ပါ ပြိုကျလို့ ကျောင်းသူကျောင်းသား ကလေးငယ် အများအပြား အသက်ဆုံးရှုံးခဲ့ရပါတယ်။ 

ကယ်ဆယ်ရေးတွေဟာ နှစ်ညဆက်တိုက် ညလုံးပေါက်ပါ အလုပ်ဆက်လုပ်ပြီး အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေသူတွေကို လိုက်လံ ရှာဖွေနေကြောင်း သိရပါတယ်။ ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ အသက်ရှင်သူတွေထက် ရုပ်အလောင်းတွေကို ဆွဲထုတ်ရတဲ့ အကြိမ်ရေက ပိုများလာနေပါတယ်။ 

ငလျင်ကြောင့် လမ်းတွေ ပျက်စီးကုန်ပြီး ကူးသန်း သွားလာရေး ခက်ခဲလာသလို ငလျင်ရဲ့ သက်ရောက်မှု ဧရိယာက ကျယ်ပြန့်လွန်းတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရာမှာ နှောင့်နှေးမှုတွေ၊ စိန်ခေါ်မှုတွေ ကြုံနေရပါတယ်။

သေဆုံး ဒဏ်ရာရသူ အများစုဟာ ငလျင်ကြောင့် ရုတ်တရက် ပြိုကျလာတဲ့ အမိုးနဲ့ နံရံတွေပိပြီး အရိုးကျိုး ဒဏ်ရာတွေ ရခဲ့ကြတာ ဖြစ်တယ်လို့ ကယ်ဆယ်ရေးတွေက ဆိုပါတယ်။ သေဆုံးသူတွေထဲက အတော်များပြားတဲ့ အချိုးအစားဟာ လူငယ်တွေနဲ့ ကလေးတွေ ဖြစ်တယ်လို့လည်း အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အတည်ပြုပါတယ်။ 

အာဏာပိုင်တွေက ကယ်ဆယ်ရေး ကဏ္ဍကို အဆောတလျင် ဆောင်ရွက်နေပေမယ့် ထိခိုက်သေပျောက်မှု ကိန်းဂဏန်းတွေ အခုထက် တိုးလာမှာကို မျှော်လင့်ထားသင့်ကြောင်း ဝန်ခံ သတိပေးထားပါတယ်။ 

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ မီးတောင်ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး မီးတောင်ပေါက်ကွဲမှုတွေ၊ ငလျင်တွေနဲ့ မစိမ်းလှတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ၂၀၁၈ တုန်းက ဆူလာဝေဆီ ငလျင်ကြောင့် အင်ဒိုနီးရှားမှာ လူပေါင်း ၂၀၀၀ ကျော် သေဆုံးဖူးကြောင်း သိရပါတယ်။