အင်ဒိုနီးရှားမှာ ငလျင်လှုပ်ခတ်ပြီး လူပေါင်း တစ်ရာ့ခြောက်ဆယ်ကျော် သေဆုံး

အင်ဒိုနီးရှား နိုင်ငံမှာ ရစ်ချ်တာစကေး ၅.၆ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ပြီး လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့သလို ထိခိုက်ပျက်စီးမှု အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ 

နိုဝင်ဘာ ၂၁ ရက်က ငလျင်ဟာ ကျွန်းစုနိုင်ငံ အင်ဒိုနီးရှားရဲ့ ပင်မကျွန်းဖြစ်တဲ့ ဂျာဗားမှာ လှုပ်ခတ်ခဲ့တာပါ။ ငလျင်ရဲ့ ဗဟိုချက်ဟာ စီယန်ဂျာဆိုတဲ့ မြို့နားမှာဖြစ်ပြီး မြေအနက် ၁၀ ကီလိုမီတာလောက်ကို ဦးတည်တဲ့ မြေတိမ်ငလျင် အမျိုးအစား ဖြစ်တာကြောင့် မြေမျက်နှာပြင်ပေါ်မှာ ထိခိုက်သက်ရောက်မှုတွေ ပိုမို ပြင်းထန်ခဲ့ပါတယ်။ 

နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းထိ စာရင်းတွေအရ သေဆုံးသူ ၁၆၂ ဦးထက်မနည်း တွေ့ရှိထားပြီး အိမ်ခြေ အဆောက်အအုံ အများအပြား ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။ ဒဏ်ရာရလို့ ဆေးရုံပို့ထားရသူ ရာဂဏန်းလောက် ရှိနေပြီး လမ်းပေါ်မှာတင် ရှေးဦး သူနာပြုစုနည်းနဲ့ ကုသပေးရသူတွေလည်း မနည်းဘူးလို့ မျက်မြင်တွေက ဆိုပါတယ်။

 ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့အတွက်လည်း အချိန်လုပြီး လိုက်လံ ရှာဖွေနေရပါတယ်။ 

ငလျင်လှုပ်တဲ့ ဧရိယာဟာ လူနေထူထပ်ပြီး မြေပြိုမှု အန္တရာယ် စိုးရိမ်ရတဲ့ နေရာမျိုး ဖြစ်နေပါတယ်။ ပြီးတော့ ဆင်းရဲနွမ်းပါးသူတွေ များပြားတာကြောင့် အိမ်တွေကို ခနော်နီ ခနော်နဲ့သာ ဆောက်လုပ်ထားနိုင်ပြီး ငလျင်လှုပ်တဲ့အခါ လုံးဝဥဿုံ ပြိုကျကုန်ပါတယ်။ 

ငလျင်ကြောင့် ၁၆၀ ကျော်သေပြီး ၃၂၀ ကျော် ဒဏ်ရာရတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင် တချို့က ပြောဆိုထားပေမယ့် အမှန်တကယ် ထိခိုက်သေဆုံးမှု ကိန်းဂဏန်းတွေကို အတည်ပြုဖို့ ခက်ခဲနေဆဲပါ။ အနောက်ဂျာဗား ပြည်နယ် အစိုးရက ငလျင်ရဲ့ နောက်ဆက်တွဲ အန္တရာယ်တွေကြောင့် လူပေါင်း ၁၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရတယ်လို့ ပြောပါတယ်။ 

စီယန်ဂျာမြို့ရဲ့ အုပ်ချုပ်ရေး အရာရှိ တစ်ဦးဖြစ်သူ ဟာမန် ရှူရာမန်က ဒဏ်ရာရသူ အများစုဟာ အပျက်အစီးတွေ ပိမိလို့ အရိုးကျိုးသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ လောလောဆယ်တော့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ တသီးတခြား ဖြစ်နေပြီး လူတွေ သတိမမူမိတဲ့ နေရာတွေမှာ အသက်ရှင်လျက် ပိတ်မိနေနိုင်သူတွေကို သတိထားပြီး ဖြန့်ကျက် ရှာဖွေနေပါတယ်။ 

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ မီးတောင်ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး မီးတောင်ပေါက်ကွဲမှုတွေ၊ ငလျင်တွေနဲ့ မစိမ်းလှတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ၂၀၁၈ တုန်းက ဆူလာဝေဆီ ငလျင်ကြောင့် အင်ဒိုနီးရှားမှာ လူပေါင်း ၂၀၀၀ ကျော် သေဆုံးဖူးကြောင်း သိရပါတယ်။