တရုတ် အလယ်ပိုင်းမှာ စက်ရုံ မီးလောင်မှုကြောင့် လူသုံးဒါဇင်လောက် သေဆုံး 

တရုတ်နိုင်ငံ အလယ်ပိုင်းက စက်ရုံတစ်ခုမှာ မီးအပြင်းအထန် လောင်ကျွမ်းပြီး လူ ၃ ဒါဇင်လောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

နိုဝင်ဘာ ၂၁ ရက်က ဟီနန်ပြည်နယ်၊ အန်ယန်းမြို့က စက်ရုံတစ်ခုမှာ မီးလောင်မှု ဖြစ်ပွားပြီး ၃၆ ဦး သေဆုံးခဲ့သလို ၂ ဦး ပျောက်ဆုံးနေကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း စက်ရုံနဲ့ ကုန်ထုတ် လုပ်ငန်းတွေမှာ လူအသေအပျောက် များပြားတဲ့ မီးမတော်တဆမှုတွေ မကြာခဏ ကြုံတွေ့ခဲ့ရပါတယ်။ 

စက်ရုံ မီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရသူ တချို့လည်း ရှိပေမယ့် အခြေအနေ မစိုးရိမ်ရဘူးလို့လည်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။ မီးလောင်မှုကို အပြည့်အဝ ချိုးနှိမ် ငြှိမ်းသတ်ဖို့ အချိန် ၇ နာရီလောက် ကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။ 

ဟီနန် ရဲတပ်ဖွဲ့ဟာ စက်ရုံရဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ တာဝန်ရှိသူတွေအပြင် လူတချို့ကို ဖမ်းဆီးပြီး စုံစမ်းမေးမြန်းမှုတွေ စတင်နေပြီလို့ ပြောပါတယ်။ မီးလောင်မှု စတင်ရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ 

၂၀၁၅ ခုနှစ်တုန်းကလည်း တရုတ် မြောက်ပိုင်း တီယန်ကျင့်မြို့က ဓာတုပစ္စည်းတွေ သိုလှောင်ထားရာ ဂိုဒေါင်တစ်ခုမှာ မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားလို့ လူပေါင်း ၁၇၃ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ရှန်ယန်းမြို့က စားသောက်ဆိုင် လုပ်ငန်းတစ်ခုမှာ ဓာတ်ငွေ့အိုး ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ 

ဇွန်လမှာတော့ ရှန်ဟိုင်းမြို့က ဆေးဝါးစက်ရုံ တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားရာက လူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Delta News

Read Previous

အင်ဒိုနီးရှားမှာ ငလျင်လှုပ်ခတ်ပြီး လူပေါင်း တစ်ရာ့ခြောက်ဆယ်ကျော် သေဆုံး

Read Next

အီရန် အကူအညီယူပြီး ဒရုန်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ ရုရှား စီစဉ်နေ