နီပေါမှာ ငလျင်လှုပ်ပြီး ၆ ဦးထက်မနည်း သေဆုံး 

နီပေါနိုင်ငံ အနောက်ပိုင်းမှာ ရစ်ချ်တာစကေး ၅.၆ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ပြီး လူ ၆ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။ 

နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက ငလျင်ဟာ ဆက်တီဇုန် ဒေသက ခပ်တက် သဘာဝ ဘေးမဲ့သစ်တော ဧရိယာ တဝိုက်ကို ဗဟိုပြုပြီး မြေအနက် ၁၀ မိုင်လောက်ကို ဦးတည် လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ငလျင်ကြောင့် ဒိုတီဒေသက ပါဘီချော်ကီ ကျေးလက် ဧရိယာတွေမှာ လူ ၆ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ၅ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ အာဏာပိုင် အဖွဲ့အစည်းတွေက ပြောပါတယ်။ 

ရွာထဲက အိမ်တချို့ဟာ လုံးဝဥဿုံ ပြိုကျသွားပြီး ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ ပျောက်ဆုံးနေသူတွေကို အပျက်အစီးတွေအောက်မှာ ဖြန့်ကျက်ပြီး ရှာဖွေနေပါတယ်။ 

အသေအပျောက် ကိန်းဂဏန်း အတိအကျကို မသိရသေးပေမယ့် ငလျင်ရဲ့ ဗဟိုချက်ဟာ လူနေကျဲပါးတဲ့ ဧရိယာမှာ ဖြစ်တာကြောင့် အခြေအနေ အရမ်းမဆိုးနိုင်ဘူးလို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ ငလျင်ရဲ့ လှုပ်ရှားမှု အရှိန်ကို အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ မြို့တော် ဒေလီကနေတောင် သက်ရောက် ခံစားခဲ့ရပါတယ်။ 

ကုန်းပိတ် နိုင်ငံငယ်လေး တစ်ခုဖြစ်တဲ့ နီပေါဟာ အိန္ဒိယနဲ့ ယူရေးရှား မြေအောက် ပြတ်ရွေ့ကြောတွေ လှုပ်ရှားလေ့ရှိတဲ့ ဇုန်နေရာမှာ ဆက်စပ် တည်ရှိတာကြောင့် ငလျင်အန္တရာယ်အတွက် စိုးရိမ်ရလေ့ ရှိပါတယ်။ ၂၀၁၅ ခုနှစ်က နီပေါမှာ ရစ်ချ်တာစကေး ၇.၈ အဆင့် ငလျင်ကြီး လှုပ်ခတ်မှုကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့သလို လူပေါင်း ၉၀၀၀ နီးပါးလောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

Delta News

Read Previous

ဆယ်ယူရရှိလာတဲ့ မြောက်ကိုရီးယား ဒုံးကျည်ဟာ ခေတ်မမီတဲ့ အမျိုးအစားလို့ တောင်ကိုရီးယားဆို  

Read Next

ရှိမ်းမကားရွာမှာ နေအိမ်ပေါ်လက်နက်ကြီးကျလို့ ရွာခံတဦးသေဆုံး၊ ကလေးတဦး အပါအဝင် သုံးဦး ဒဏ်ရာရ