ရှိမ်းမကားရွာမှာ နေအိမ်ပေါ်လက်နက်ကြီးကျလို့ ရွာခံတဦးသေဆုံး၊ ကလေးတဦး အပါအဝင် သုံးဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာက နေအိမ်တအိမ်ပေါ်ကို လက်နက်ကြီးကျလို့ ရွာခံတဦး သေ ဆုံးပြီး နှစ်နှစ်အရွယ် ကလေးတဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီရွာခံတဦးက DNA ကိုပြောပါတယ်။

ရှိမ်းမကားရွာတောင်ဘက်က နေအိမ်တအိမ်ပေါ်ကို နိုဝင်ဘာ (၇)ရက် ညရှစ်နာရီဝန်းကျင်မှာ လက်နက်ကြီး ကျ ပေါက်ကွဲလို့ အဲ့ဒီနေအိမ်က မိသားစုဝင်တွေ သေဆုံးထိခိုက်ခဲ့တာပါ။

လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် နေအိမ်မှာရှိနေတဲ့ အသက်လေးဆယ်နီးပါးအရွယ် အမျိုးသမီး တဦး နေရာမှာပဲ သေဆုံးခဲ့သလို နှစ်နှစ်အရွယ်ကလေးကတော့ ခေါင်းနဲ့ပေါင်မှာ ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသက် (၅၀)အရွယ် အမျိုးသမီးနဲ့ အသက်လေးဆယ် အမျိုးသားတို့ဟာလည်း လက်နက်ကြီးစထိမှန် ဒဏ်ရာတွေရခဲ့ပြီး နေအိမ်လည်းပျက်စီးသွားတယ်လို့ ရှိမ်းမကားရွာခံ သတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီလို ရွာထဲက နေအိမ်ပေါ်လက်နက်ကြီး ကျတာဟာ ရှိမ်းမကားရွာ ရဲစခန်းက ပစ်ခတ်တာ ဖြစ်တယ်လို့ DNA နဲ့အဆက်အသွယ်ရတဲ့ ရွာခံက ပြောပါတယ်။ဒီအချက်ကို DNA အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပစ်ခတ်မှုဖြစ်တဲ့ နိုဝင်ဘာ (၇)ရက်ညပိုင်းမှာ တိုက်ပွဲဖြစ်နေတာ မရှိဘဲ ရှိမ်းမကားရဲစခန်းထဲကနေ လက်နက်ကြီး လေးလုံး ရမ်းသန်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“(ရဲစခန်းက)နေ့တိုင်းတော့မပစ်ဘူး၊သူတို့ပစ်ချင်တဲ့အချိန်ထထပစ်တာ၊လေးချက်ပစ်တာ နောက်ဆုံး အချက်က သူတို့အိမ်ပေါ်သွားကျတာ” လို့ ရှိမ်းမကား ရွာခံကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာမှာလည်း အခုလ (၃)ရက်မှာ စစ်ကောင်စီတွေက ရမ်းသန်းပစ်ခတ်လို့ ကလေးငယ်တစ်ဦးနဲ့ အဖွားအိုတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Delta News

Read Previous

နီပေါမှာ ငလျင်လှုပ်ပြီး ၆ ဦးထက်မနည်း သေဆုံး 

Read Next

တော်နော်ရေတံခွန်အနီး အာရှလမ်းမှာ ကားမှောက်လို့ ရှစ်ဦးသေဆုံး