ဝက်လက်အရှေ့ခြမ်းက စစ်ဘေးရှောင်တွေ အရေးပေါ် ဆေးဝါးလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ထွက်ပြေးနေရတဲ့ ကျေးရွာတွေက စစ်ဘေးရှောင်တွေဟာ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။

“ မွေးလူနာတွေလည်း ရှိနေတယ်၊ ပိုးထိတာကလည်း ၁၀ ယောက်မက ရှိနေတယ်။ အဓိက ကတော့ မြွေဆိပ်ဖြေဆေးတွေ လိုအပ်နေတယ်။ အခုလိုပြေးလွှားနေရင်းနဲ့ ပိုးထိတဲ့လူနာတွေရှိနေတော့ မြွေဆိပ်ဖြေဆေးကတော့ လိုအပ်တယ်၊ ဆေးဝါးတွေလည်း လိုအပ်နေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

နိုဝင်ဘာ ပထမပတ်စလို့ လက်ရှိ နိုဝင်ဘာနောက်ဆုံးပတ်အထိ စစ်ကောင်စီတပ်တွေဟာ ဝက်လက်နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ဒေသခံ ၁၀၀၀ လောက်ဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဝက်လက်အနောက်ခြမ်းမှာရှိတဲ့ မူးကြီးကျေးရွာကိုလည်း နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၂၇၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရပြီး အသက် ၈၀ အရွယ် အဖွားအိုတစ်ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။