ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး ဘောလုံးကလပ်တွေ စာရင်းမှာ ပရီးမီးယားလိဂ် အသင်းတွေ လွှမ်းမိုးထား 

ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံး ဘောလုံးကလပ်တွေ စာရင်းမှာ အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတွေက လွှမ်းမိုး ဦးဆောင်နေတာကို တွေ့ရပါတယ်။ 

ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်း ၂၀ မှာ ပရီးမီးယားလိဂ်က ၁၁ သင်းထိ ပါဝင်နေတယ်လို့ သိရပါတယ်။ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ ကမ္ဘာ့ဘောလုံး ကလပ်တွေရဲ့ ငွေကြေး လည်ပတ် စီးဆင်းမှု အခြေအနေတွေကို ဆန်းစစ်ပြီး Money Leagueက ဒီစာရင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဘောလုံးရာသီထိ ဝင်ငွေတွေအရ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးဟာ အရင်နှစ်ကအတိုင်း ထိပ်ဆုံးနေရာကို ဆက်ပြီး ထိန်းသိမ်းထားနိုင်တာ တွေ့ရပါတယ်။ စီးတီးရဲ့ ၂၀၂၁-၂၂ ဘောလုံးရာသီ ဝင်ငွေ ပမာဏဟာ ယူရို ၇၃၁ သန်းထိ ရှိခဲ့ပါတယ်။ 

စီးတီးရဲ့ နောက်မှာတော့ စပိန်ရဲ့ ရီးရဲလ်မက်ဒရစ်က တစ်ရာသီစာ ဝင်ငွေ ယူရို ၇၁၄ သန်း၊ အင်္ဂလန် ကလပ်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ယူရို ၇၀၁ သန်းနဲ့ ယူရို ၆၈၉ သန်းစီ၊ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီက ယူရို ၆၅၄ သန်းစီနဲ့ ထိပ်ဆုံး ၅ သင်းအဖြစ် အစဉ်လိုက် ရပ်တည်နေပါတယ်။ အဲဒီ အသင်းတွေနောက်မှာ ဘိုင်ယန်မြူးနစ် (ဂျာမနီ)၊ ဘာစီလိုနာ (စပိန်)၊ ချဲလ်ဆီး (အင်္ဂလန်)၊ တော့တင်ဟမ် ဟော့စပါး (အင်္ဂလန်)နဲ့ အာဆင်နယ် (အင်္ဂလန်)တို့ အသီးသီး ရှိနေကြပါတယ်။

ဂျူဗင်းတပ်စ်ကတော့ အီတလီ အသင်းတွေထဲမှာ ဝင်ငွေ အကောင်းဆုံး ဆိုတာတောင်မှာ ထိပ်ဆုံး ၁၀ နေရာမှာ မဝင်ဆံ့ဘဲ တစ်ရာသီ ဝင်ငွေ ယူရို သန်း ၄၀၀ နဲ့ အဆင့် ၁၁ ကို ရောက်ရှိသွားပါတယ်။ ဒါဟာ အဲဒီမတိုင်ခင် တစ်နှစ်ကထက် အဆင့် ၂ ဆင့် လျော့ကျသွားတဲ့ အဓိပ္ပါယ်ပါပဲ။ ဘောလုံးရာသီ တစ်ခုအတွင်း ဝင်ငွေအကောင်းဆုံး ထိပ်တန်းကလပ် ၂၀ စာရင်းမှာ အက်သလက်တီကို မက်ဒရစ် (စပိန်)၊ ဘိုရပ်ရှားဒေါ့တ်မန် (ဂျာမနီ)၊ အင်တာမီလန် (အီတလီ)၊ ဝက်စ်ဟမ်းယူနိုက်တက် (အင်္ဂလန်)၊ အေစီမီလန် (အီတလီ)၊ လက်စတာစီးတီး (အင်္ဂလန်)၊ လိဒ်စ်ယူနိုက်တက် (အင်္ဂလန်)၊ အဲဗာတန် (အင်္ဂလန်)နဲ့ နယူးကာဆယ် ယူနိုက်တက် (အင်္ဂလန်)တို့လည်း ပါဝင်နေကြောင်း သိရပါတယ်။ 

Money League ဝင်ငွေကောင်းတဲ့ စာရင်းကို တွက်ချက်ရာမှာ ကွင်းဝင်ကြေး၊ စပွန်ဆာကြေး၊ ဆုကြေးစတဲ့ ကဏ္ဍပေါင်းစုံကို ထည့်တွက်တာ ဖြစ်ပါတယ်။ ကိုဗစ်ကာလ လွန်မြောက်ပြီး ဘောလုံးကွင်းတွေထဲမှာ လူပြန်စည်လာတဲ့နောက် အင်္ဂလန်ရဲ့ ကြီး ၆ ကြီးလို့ သတ်မှတ် အသင်းတွေထဲက ၅ သင်းဖြစ်တဲ့ ချဲလ်ဆီး၊ လီဗာပူးလ်၊ မန်ချက်စတာစီးတီး၊ မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် ဟော့စပါးတို့ရဲ့ ကွင်းဝင်ကြေး စုစုပေါင်းက ၁၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ 

ကြော်ငြာနဲ့ စပွန်ဆာ ဝင်ငွေတွေကလည်း အဲဒီ အသင်းတွေအတွက် သိသိသာသာ တိုးလာပေမယ့် ဘောလုံးပွဲ ထုတ်လွှင့်မှုက ရရှိတဲ့ ဝင်ငွေတွေကတော့ ရာခိုင်နှုန်းနည်းနည်း လျော့ကျသွားတာကို တွေ့ရပါတယ်။