Live လွှင့်ရင်း စစ်တပ်ကိုဝေဖန်မိတဲ့ တပ် ထောက်ခံသူထောင်သုံးနှစ်ချခံရ

လူမှုကွန်ရက်မှာ Live လွှင့်ရင်း စစ်ကောင်စီဟာ ထိရောက်တဲ့အရေးယူမှုတွေမလုပ်နိုင်ဘူးလို့ ဝေဖန်တာကြောင့် ဖမ်းဆီးခံရတဲ့ ပန်းတောင်းမြို့နယ်က တပ်ထောက်ခံသူတဦးထောင်သုံးနှစ်ချမှတ်ခံလိုက်ရပါတယ်။

 

ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်ခရိုင် ပန်းတောင်း မြို့နယ် အမျိုးသားညီညွတ်သော ဒီမိုကရက် တပါတီ ဥက္ကဌဖြစ်သလို တပ်ထောက်ခံသူတဦးလည်း ဖြစ်တဲ့ ဦးသူရိန်(ခ)ရာဇာ ကို ပြည်မြို့နယ်တ ရားရုံးက ဒီဇင်ဘာ (၂၈) ရက်နေ့မှာ ပုဒ်မ ၅၀၅(က)အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် သုံးနှစ်ချမှတ် ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက DNA ကိုပြောပါတယ်။

 

“အားလုံးကလွတ်မယ်ထင်ကြတာ၊ စစ်ကောင်စီ ဘက်ကလူဆိုတော့၊ စစ်တပ်လော်ဘီ အကြီးစား ၊သူတို့ဘက်ကလူတွေလည်းအစုအဖွဲ့အလိုက်ကိုလာကြိုကြတယ်၊ ဘယ်လိုဖြစ်ပြီး အခုလိုအမိန့်ချ လိုက်တာလည်းတော့မသိဘူး”လို့ သူကပြောပါတယ်။

 

ဦးသူရိန်(ခ)ရာဇာဟာ အာဏာသိမ်းမှုအပြီးမှ ပန်းတောင်းမြို့ကိုပြောင်းရွှေ့ အခြေချလာသူဖြစ်ပြီး အရင်က ဘယ်မှာနေခဲ့တယ် ဆိုတာကို မြို့ခံတွေ မသိကြဘူးလို့ဆိုပါတယ်။

လက်ရှိအာဏာသိမ်းကာလအတွင်းပြည်ခရိုင်ထဲကစစ်ကောင်စီ လုံခြုံရေးယူထားသောနေရာတွေကနေ လူမှုကွန်ရက်မှာ  live လွှင့်ပြီး  NUG၊ CRPH၊ PDF တွေကိုဆဲဆိုကြိမ်းမောင်းတတ်သူဖြစ်သလို ဒေသတွင်းမှာ စစ်တပ်ထောက်ခံပွဲတွေကို ဦးဆောင်စီစဥ် လေ့ရှိသူဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

ဦးသူရိန်(ခ)ရာဇာ ဆိုသူကိုစစ်တပ်က ပစ္စတို သေနတ်တလက်လည်း ထုတ်ပေးထားတယ်လို့ မြို့ခံတွေကပြောပေမယ့် အဲ့ဒီအချက်ကိုတော့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

 

ပြီးခဲ့တဲ့ အောက်တိုဘာ (၂၅)ရက်က ပန်းတောင်းမြို့နယ် မြစစ်ကိုင်းကျေးရွာမှာ စစ်ကောင်စီက သူ့ ကိုဖမ်းဆီးခဲ့သလိုလက်နက်ကိုလည်းသိမ်းယူသွားတယ်လို့ ဆိုပါတယ်။ အဲ့ဒီလိုဖမ်းဆီးပြီးနောက် သုံးလလောက်အကြာ မနေ့က အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ်ချလိုက်တာဖြစ်ပါတယ်။