ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးများနိုင်တယ်လို့ဆို

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇီးကုန်း သကြားစက်မှာအထိုင်ချထားတဲ့ စစ်တပ်ကို စစ်ကြောင်း ထွက်လာချိန်မှာ မိုင်းဆွဲတိုက်ခိုက်တာ၊ပစ်ခတ်တာတွေကြောင့် ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ ခင်ဦးမြို့နယ် ကာကွယ်ရေး တပ်ဖွဲ့တခုဖြစ်တဲ့ Dynamite Empire အဖွဲ့က ပြောပါတယ်။

အင်အား (၅၀)ကျော်ပါဝင်တဲ့ အဲ့ဒီစစ်ကြောင်းကို ဒီဇင်ဘာ(၂၈)ရက် က တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးထိခိုက်သလို လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်တာကြောင့်လည်း နောက်ထပ်ငါးဦး ထိခိုက်တယ်လို့ဆိုပါတယ်။

အဲ့ဒီ (၁၇)ဦးလုံးသေဆုံးတယ်လို့ Dynamite Empire အဖွဲ့က ပြောပေမယ့် DNA အနေနဲ့ ထိခိုက်သေဆုံးမှုတွေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ ဇီးကုန်းသကြားစက်ကထွက်လာတဲ့ စစ်ကြောင်းဟာ ခင်ဦးမြို့ နယ်ထဲက အလည်လျှိုရွာကို စီးနင်းနေတဲ့ စစ်ကြောင်းကို တပ်ကူပေးဖို့ ထွက်လာတာဖြစ်တယ်လို့ Dynamite Empire အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ထွက်ထွက်ချင်းမိုင်းဆွဲတာကိုပဲ မျက်မြင်အရ ဆယ်ယောက်လောက်ကျတယ်၊ဒီကောင်တွေ ဆက်တက်လာတော့ကျွန်တော်တို့နဲ့ထိတွေ့တိုက်ပွဲဖြစ်တယ်၊အဲ့မှာတင်ငါးယောက်ခြောက်ယောက်လောက်ကျတယ်”လို့ သူ ကဆိုပါတယ်။

လက်ရှိအချိန်မှာတော့ကျန်ရှိနေတဲ့စစ်သားတွေဟာဇီးကုန်းရွာထဲပြန်လည်ဝင်ရောက်သွားပြီးဒဏ်ရာရသူတွေကိုဆေးကုသနေသလို သေဆုံးသွားတဲ့ရုက်အလောင်းတွေကိုမြေမြှပ်တာတွေလုပ်နေတယ်လို့ဆိုပါတယ်။

“မနေ့ကအလည်လျှိုကိုဝင်လာတဲ့စစ်ကြောင်းကိုမိုင်းဆွဲရာကကြားရတာပဲ၊ကျွန်တော်ဆိုအပင်ပေါ်တက်နေရတာ မြင်ရတာပေါ့၊ခုအလည်လျှိုကစစ်ကြောင်းကတော့ရွာထဲပြန်ဝင်နေတယ်၊အတိုက်ခံရတဲ့စစ်ကြောင်းကလဲလာတဲ့ လမ်းပြန်လှည့်သွားတယ်၊ဒေသခံတွေကတော့ဘေးလွတ်ရွာကိုပြေးနေရတယ်”လို့ အလည်လျှိုရွာ အနီးက သောက် ကန်ရွာဒေသခံတဦးကDNA ကိုပြောပါတယ်။

ဒေသတွင်းမှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ အနေနဲ့ ခင်ဦး-ကန့်ဘလူလမ်းမကြီးကို အသုံးပြုသွားလာတာ မလုပ်ကြဖို့ တော်လှန်ရေး အင်အားစုတွေ ကအသိပေးထားပါတယ်။