KBC ဥက္ကဌဟောင်းကို စစ်ကောင်စီက မတရားအသင်း ဥပဒေ ၁၇ (က) နဲ့ အမှုဖွင့်ထားတယ်လို့ဆို

မန္တလေး လေဆိပ်မှာ စစ်ကောင်စီကဖမ်းဆီးသွားတဲ့ထင်ရှားတဲ့ ကချင်ဘာသာရေးခေါင်းဆောင် ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (က) နဲ့အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
မနေ့က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ KBC ဥက္ကဌဟောင်းကို မြစ်ကြီးနားမြို့ရဲစခန်းမှာ ပြစ်မှုအမှတ် (ပ) ၂၀၀/ ၂၀၂၂ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့လည်း DNA ကစုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန် အနေနနဲ့ မတရားအသင်းအဖြစ်ကြေညာထားတဲ့ KIA ဗဟိုဌာနချုပ်လိုင်ဇာကို သွားရောက်ခဲ့ပြီး KIO ဥက္ကဋ္ဌအင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဗိုလ်ချူပ်ဂွမ်မော်တို့ ပြုလုပ်တဲ့ အစည်းအဝေးတွေ တက်ရောက်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တရားစွဲတယ်လို့ သိရပါတယ်။
ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌ ဟောင်းဒေါက်တာခလမ်ဆမ်ဆွန်ကိုတော့ ထိုင်းနိုင်ငံကိုဆေးကုဖို့အသွားမှာ စစ်ကောင်စီက ဒီဇင်ဘာ (၅)ရက်မှာ မန္တလေးလေဆိပ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ကချင်ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့သဘောထားထုတ်ပြန်တာတွေရှိနေပါတယ်။
ဒါအပြင် ကချင်တိုင်းရင်းသားတွေကြား လူသိများ ထင်ရှားပြီး သြဇာလည်းရှိတဲ့ ဒေါက်တာခလမ်ဆန်ဆွမ်ကို စစ်ကောင်စီကဖမ်းဆီးတာနဲ့ပတ်သက်လို့ ပိုမိုရှုပ်ထွေးတဲ့ လူမျိုးရေးနဲ့ဘာသာရေးစစ်ပွဲဆီ ဦးတည်စေတဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်လို့ World Kachin Congress (WKC)က လည်းထုတ်ပြန်ထားပါတယ်။
သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ် ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ ဥက္ကဌဟောင်းတဦးဖြစ်သလို လက်ရှိလည်း အကြံပေးအဖြစ်တာဝန်ထမ်းဆောင်နေတာပါ။ ဒါ့အပြင် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့(WMR)ဥက္ကဌ လည်းဖြစ်သလိုငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG)အဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ (၂၀၁၉)ခုနှစ်ကအမေရိကန်နိုင်ငံခရီးစဥ်အတွင်း သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံချိန်မှာ စစ်တပ်က ခရစ္စယာန် တွေကိုဘာသာရေးအရဖိနှိပ်နေကြောင်း ပြောဆိုခဲ့လို့ စစ်တပ်ကအမှုဖွင့်ဖို့ စီစဥ်ခဲ့ဖူးပါတယ်။
နောက်ပိုင်းမှာတော့ စစ်တပ်ကအမှုဖွင့် တရားစွဲတာမရှိတဲ့အပြင် ၂၀၂၀ နှစ်ကုန်ပိုင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မြစ်ကြီးနားမြို့ခရီးစဥ်အတွင်း ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။