ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ယုံကြည်ချက် ရှိနေတယ်ဆိုတဲ့ အင်္ဂလန် ခံစစ်မှူး မက်ဂွိုင်းယား

အင်္ဂလန် အသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အမှန်တကယ် ယုံကြည်ချက် ခိုင်ခိုင်မာမာ ရှိနေတယ်လို့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက ပြောကြားခဲ့ပါတယ်။

 

အင်္ဂလန်ဟာ လွန်ခဲ့တဲ့ ၄ နှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုဗိုလ်လုပွဲထိ ရောက်ရှိခဲ့တဲ့နောက်ပိုင်း သိသိသာသာ တိုးတက်မှုတွေ ပိုင်ဆိုင်လာနေပြီလို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်ခံလူက ဆိုပါတယ်။ အဲဒီတုန်းကနဲ့ မတူဘဲ အင်္ဂလန် အနေနဲ့ အခုနှစ် ကမ္ဘာ့ဖလားမှာ ချန်ပီယံဆု ဆွတ်ခူးဖို့ထိ ရည်မှန်းထားကြောင်းလည်း သူက ဆက်ပြောပါတယ်။

 

အင်္ဂလန်ဟာ ကွာတားဖိုင်နယ် အဆင့်မှာ လက်ရှိ ချန်ပီယံ ပြင်သစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အင်္ဂလန် အသင်းဟာ သမိုင်းတလျှောက် ၁၉၆၆ ခုနှစ်မှာ ကမ္ဘာ့ဖလားကို တစ်ကြိမ်သာ ဆွတ်ခူးထားဖူးပါတယ်။

 

မက်ဂွိုင်းယားက သူဟာ ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခဲ့ပြီး အသင်းက အကြိုဗိုလ်လုပွဲထိ ရောက်ခဲ့ကြောင်း၊ အဲဒီအဆင့်ထိ ရောက်ခဲ့တာက ကျေနပ်စရာလို့ ယူဆနိုင်ကြောင်း၊ ဒါပေမဲ့ ဒီနှစ်မှာတော့ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ထိ အင်္ဂလန်က ယုံကြည်မှု ပြည့်ဝနေသလို စိတ်ဓာတ်ပိုင်း အရလည်း အားကောင်းနေကြောင်း၊ သေချာတာက ဒီကိစ္စဟာ ခက်ခဲမှာ ဖြစ်သလို ချန်ပီယံဆုကို မျှော်မှန်းပြီး ယှဉ်ပြိုင်နေတဲ့ အသင်းပေါင်း ၅ သင်း၊ ၆ သင်းထိ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

၂၀၁၈ တုန်းက အင်္ဂလန်ဟာ အဲဒီလို ချန်ပီယံဆု ရည်မှန်းတဲ့ အသင်း အနည်းစုထဲမှာ မပါခဲ့ပေမယ့် ဒီနှစ်မှာတော့ အမှန်တကယ် ပါဝင်လာပြီလို့ ယုံကြည်ထားတယ်လို့လည်း အသက် ၂၉ နှစ်အရွယ် ဗဟိုနောက်ခံလူက ဆိုပါတယ်။

 

မက်ဂွိုင်းယားဟာ ကလပ်အသင်းမှာ ပုံမှန် စွမ်းဆောင်ရည်တွေ ပြသဖို့ ရုန်းကန်နေရပေမယ့် လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ အကောင်းဆုံး နောက်ခံလူ တစ်ဦးအနေနဲ့ ခြေစွမ်းပြနေပါတယ်။ မက်ဂွိုင်းယားကတော့ သူဟာ ခက်ခဲတဲ့ အခြေအနေတွေကို ဖြတ်သန်းခဲ့ရချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက လုံးဝ မယိမ်းယိုင်ခဲ့ဘူးလို့ ပြောကြားသွားပါတယ်။