တရားမဝင် ရွေးကောက်ပွဲကို လူထုအားနဲ့တိုက်ဖျက်ကြဖို့ တိုက်တွန်းခဲ့တဲ့ ကလေးမြို့ ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းနဲ့ မြို့ခံပြည်သူတွေဟာ ” တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ဆိုတဲ့ စာတမ်းကိုင်ဆောင်ပြီး ဒီဇင်ဘာ (၇) ရက် ဒီကနေ့မှာ စစ်အာဏာရှင်ကိုဆန့်ကျင် သပိတ်မှောက်ခဲ့ကြပါတယ်။

စစ်ကောင်စီက ကျင်းပမယ်လို့ ကြေငြာထားတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို ပါဝင်ပူးပေါင်းခြင်းမရှိဘဲပြည်သူလူထုအားနဲ့တိုက်ဖျက်ကြဖို့ နှိုးဆော်တာဖြစ်တယ်လို့သပိတ်မှာပါဝင်သူတွေကပြောပါတယ်။

” ကလေးတွေကလည်း သူတို့တာဝန်သူတို့ကျေတယ်၊ မြို့နယ်ပြည်သူလူထုတွေကလည်း တာဝန် ကျေကြပါတယ်၊ နိုင်ငံရေးနိုးကြားနေစေဖို့ သပိတ်အဖွဲ့ဟာမပျက်မကွက်နှိုးဆော်နေတယ်၊ဒီအချိန်ရောက်နေလို့မှ နိုင်ငံရေးအသိစိတ် မရှိသေးတဲ့ လူအနည်းငယ်အဖို့တော့ ဘယ်တော့မှလည်း ရှိလာမယ်မထင်တော့ဘူး” လို့ မြို့ခံတဦးကပြောပါတယ်။

ကလေးမြို့နယ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြို့တွင်းမှာပါ မြို့ပြပျောက်ကြားတိုက်ပွဲတွေ ဆင်နွှဲနေသလို ကလေးမြို့ပင်မသပိတ်အင်အားစုဟာလည်း အာဏာသိမ်းပြီးကတည်းကစ စစ်ကောင်စီကို မပျက်မကွက်နေ့စဥ်ရက်ဆက်သပိတ်မှောက်လာတာ ရက်ပေါင်း (၆၆၉) ရက်ရှိပြီဖြစ်ပါတယ်။