ရှမ်းမြောက် နမ့်ဆန်မှာ TNLA နဲ့ စစ်တပ်တိုက်ပွဲဖြစ်ပြီး လေကြောင်းကဗုံးကျဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA)တို့ ဒီကနေ့ ဒီဇင်ဘာ (၇) ရက် နေ့လယ်ပိုင်းကနေ လက်ရှိအချိန်အထိတိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“စခန်းတွေရှိတဲ့နေရာတွေကို ဦးတည်ပြီးတော့မှ လေယာဉ်ပျံတွေပျံပြီးမှ အခုဒရုံးတွေနဲ့ သူတို့က လိုက်ပြီး ကြည့်နေတယ်”လို့ ဒေသခံတဦးက ဒီကနေ့ညနေပိုင်းမှာ DNA ကို ပြောပါတယ်။

စစ်ကောင်စီက ဒီကနေ့နေ့လယ် နှစ်နာရီ ဝန်းကျင်မှာ နမ့်ဆန်မြို့အနီးက TNLA တပ်တွေ လှုပ်ရှားရာ ဒေသကို လေယာဉ်တွေနဲ့ စစ်အင်အားတရာလောက်ချခဲ့ပြီး မန်လုံ၊ ဟူးမန်းနဲ့ ပန်အလောက်ရွာတွေဘက်ကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သတင်းနဲ့ ပြန်ကြားရေးဌာနကလည်း ဒီကနေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဟူးမန်းရွာကို လေယာဉ်ငါးစီးနဲ့ တပ်ဖွဲ့ဝင်တွေချခဲ့ပြီး ညနေ လေးနာရီကျော်မှာ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ အခုညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က နမ့်ဆန်မြို့ကနေလည်း လက်နက်ကြီး လေးလုံးပစ်ခတ်ခဲ့တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်ရှိအချိန်အထိ တိုက်ပွဲဆက်ဖြစ်နေပြီး အသေးစိတ်မသိရသေးလို့ TNLA ထုတ်ပြန်ချက်ကဆိုပါတယ်။

အခုလို နှစ်ဘက်တိုက်ပွဲဖြစ်နေတာကြောင့် တိုက်ပွဲဖြစ်ရာ ဒေသအနီးဝန်းကျင်က ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ DNA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေသခံက ပြောပါတယ်။