ဂျာမနီနဲ့ပွဲက အမှားတွေကြောင့် ဖိအားတွေ ထပ်တိုးလာတဲ့ မက်ဂွိုင်းယား 

Photo – API

ဂျာမနီနဲ့ ပွဲစဉ်မှာ အမှားတွေ ကျူးလွန်မိခဲ့တဲ့နောက် အင်္ဂလန် နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားဟာ ပရိသတ်တွေနဲ့ မီဒီယာတွေဆီက ဝေဖန်မှု ဖိအားတွေကို ပိုမို ကြုံတွေ့လာရပါတယ်။

အသက် ၂၉ နှစ်အရွယ် ဗဟိုခံစစ်မှူးဟာ လက်ရှိ ဘောလုံးရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲထွက်နေရာအတွက် ရုန်းကန်နေရပါတယ်။ ယူနိုက်တက်ဟာ မက်ဂွိုင်းယားကို ပွဲထွက် ကစားသမားအဖြစ် အသုံးပြုခဲ့တဲ့ ပွဲစဉ်တိုင်း ရှုံးနိမ့်ထားပြီး မက်ဂွိုင်းယား အရန်ခုံမှာ ရှိနေတဲ့ ပွဲအားလုံး အနိုင်ရထားခဲ့ပါတယ်။

ကစားသမားရဲ့ စွမ်းဆောင်ရည်ပိုင်းက မေးခွန်းထုတ်စရာတွေ ရှိနေပေမယ့်လည်း အင်္ဂလန် လက်ရွေးစင်အသင်း မန်နေဂျာ ဂါရတ်သ် ဆောက်ဂိတ်သ်ကတော့ မက်ဂွိုင်းယားကို ပွဲထွက် ကစားသမား အနေနဲ့ ဆက်ပြီးသုံးဖို့ ခေါင်းမာမာနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၆ ရက် ညပိုင်းက ကစားတဲ့ ဥရောပ နိုင်ငံများ အမှတ်ပေး ပွဲစဉ်မှာတော့ အင်္ဂလန်ဟာ အိမ်ကွင်းမှာ ဂျာမနီကို ၃ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ မက်ဂွိုင်းယားရဲ့ အမှားတွေကို ထပ်ပြီး တွေ့မြင်ခဲ့ရသလို ဂျာမနီ ရသွားတဲ့ ဦးဆောင်ဂိုးကလည်း သူ့ရဲ့ ခြေနုတ်ခြေသိမ်း လေးလံမှုကနေ ပင်နယ်တီ ပေးလိုက်ရတာကြောင့် ဖြစ်ပါတယ်။ 

အင်္ဂလန်ဟာ ဂျာမနီရဲ့ ၂ ဂိုးပြတ် ဦးဆောင်မှုကို ၃ ဂိုးပြန်သွင်းပြီး ချေဖျက်ခဲ့ပေမယ့် ဂိုးသမား နစ်ခ်ပုပ်ရဲ့ စိတ်ပျက်စရာ အမှားတစ်ခုကြောင့် ချေပဂိုး ထပ်ပေးရပြီး သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အခုဆိုရင် အင်္ဂလန်ဟာ နောက်ဆုံး ကစားတဲ့ ၆ ပွဲဆက် နိုင်ပွဲပျောက်တဲ့ မှတ်တမ်းဆိုးမျိုး ပိုင်ဆိုင်လာပါပြီ။ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး စတင်ဖို့ ၂ လအလိုမှာ ဒီလို ဖြတ်သန်းမှုမျိုး ကြုံနေရတယ် ဆိုတာက အင်္ဂလန်အတွက် အချက်ပေး ခေါင်းလောင်းထိုးသံလည်း ဖြစ်လာပါတယ်။

အရှုံးရလဒ်ကို အံ့မခန်း ပြောင်းပြန်လှန်ပစ်နိုင်မယ့် အနေအထားကို လက်လွှတ်လိုက်ရတဲ့နောက် အင်္ဂလန် မီဒီယာတွေနဲ့ ပရိသတ်တွေက မက်ဂွိုင်းယားနဲ့ ပုပ်ကို စိတ်ပျက်လက်ပျက် ဝေဖန်နေကြပါတယ်။ အထူးသဖြင့် နောက်ပိုင်း ပွဲစဉ်တွေမှာ ဆက်တိုက် ခြေပျက်နေတဲ့ မက်ဂွိုင်းယားကို အခုထိ ယုံယုံကြည်ကြည် ပွဲထုတ်နေတဲ့ ဆောက်သ်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း မေးခွန်းထုတ်လာကြပါတယ်။

BBC သတင်းဌာနကဆိုရင် မက်ဂွိုင်းယားက အမှားကြီး ၂ ခုလုပ်ပြီး ၁ ဂိုး ပေးလိုက်ရကြောင်း၊ ဂျာမနီဟာ ဒီလို အပေးအကမ်း ရက်ရောတဲ့ ကစားသမားမျိုးကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရလို့ ပျော်ရွှင်နေမှာ သေချာကြောင်း အငေါ်တူး ရေးသားသွားပါတယ်။ ဂျာမနီနဲ့ပွဲ အပြီးမှာ မက်ဂွိုင်းယားရဲ့ လက်ရွေးစင် ကစားသမားဘဝ အနာဂတ်က ဘယ်လို အပြောင်းအလဲတွေ ကြုံလာမလဲ ဆိုတာတော့ မသိရသေးပါဘူး။

အစောပိုင်းမှာတော့ ဆောက်သ်ဂိတ်က မက်ဂွိုင်းယား အနေနဲ့ ကလပ်အသင်းမှာ နေရာမရရင်တောင် ကမ္ဘာ့ဖလားကို သေချာပေါက် ခေါ်ဆောင်သွားမယ်လို့ ကစားသမားကို ကတိပေးထားကြောင်း သိရပါတယ်။