တပတ်တာ နွေဦးပုံရိပ်လွှာ

မြန်မာ့ ရေမြေတောတောင်တွေဆီမှာတော့ ဝသုန်မိုးစက်တွေတိတ်ဆိတ်ပျောက်သွားခဲ့ပြီ။ဟေမန်နှင်းတွေတလွင့်လွင့်မျောကြဦးမယ့်ကာလပေါ့။ပွင့်လင်းရာသီရောက်ခဲ့ပြီဆိုပေမယ့် နွေဦးကိုတော့မျှော်ကြရဦးမှာပါ။

မြန်မာနိုင်ငံရေးဝဲဂယက်ထဲမှာတော့ နွေဦးက ရှည်ကြာလွန်းလှပြီ။ဥတုသုံးလီထဲမှာ နွေဦးဟာပွင့်လင်းမြင်သာမှု အရှိဆုံးလို့ ဆိုနိုင်ပေမယ့် နိုင်ငံရေးဝဲဂယက်ထဲက နွေဦးကတော့အမိုက်မှောင်တွေနဲ့အတိ..။

တချက်တချက် အမြင့်ပျံတတ်စပြုပြီဆိုပေမယ့် နှစ်နှစ်ပြည့်လုလု နွေဦးဟာ လောကဓံအာဏာရှင်ကိုအနိုင် ယူဖို့ အထိတော့ ဆက်ပြီး ရုန်းကန်နေရဆဲပဲ။ခပ်မြင့်မြင့် တကြိမ်ပျံပြလိုက်တိုင်း နွေဦးဟာဩဘာသံတွေ များများ စားစားရတတ်ပေမယ့် ခြေလှမ်းမှားလို့ အထိနာသွားချိန်တွေမှာတော့ကူရာကယ်ရာမဲ့နေတုန်းပဲ။

ဒီသီတင်းပတ်ထဲမှာ နွေဦးအဖို့ အားတက်စရာ၊အားရစရာတွေလည်းရှိရဲ့…။တပြိုင်တည်းမှာပဲနောက်တန်းမလုံတဲ့ ဘောလုံးအသင်းတသင်းလို ချေပဂိုးတွေ ချက်ချင်းပြန်သွင်းခံရလို့စိတ်ပျက်ဝမ်းနည်းစရာတွေလည်း တပုံတပင် နဲ့ပေါ့။

နွေဦးရဲ့ပြိုင်ဘက်ကိုက “နိုင်ရင်နိုင်၊မနိုင်ရင်ကိုင်”ဆိုတဲ့ ခပ်ညစ်ညစ် ဆောင်ပုဒ်နဲ့အာဏာရှင်အသင်းမဟုတ်လား။

ဒီသတင်းပတ်ထဲက သတင်းတချို့ကို‌ ခြေရာပြန်ကောက်ကြရအောင်ပါ။

ပဲခူးနဲ့မွန်..။ နှစ်ခုလုံးကတော့ ဟင်္သာနဲ့ သက်ဆိုင်တဲ့ဒေသတွေ။ဒီသီတင်းပတ်ထဲ ဒီဒေသနှစ်ခုမှာနွေဦးအဖို့ သ တင်းကောင်းရော၊သတင်းဆိုးရော နှစ်မျိုးလုံးရှိနေတယ်။ကျိုက်မရောက ချောင်းနှစ်ခွရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်၊ပဲခူးတိုင်းရွှေကျင်မြို့က စစ်စခန်းသုံးခုကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ဖျက်ဆီး..။

စစ်အုပ်စုက အဖျက်လုပ်ရပ်လို့ ဆိုမယ့် ဒီဖြစ်စဉ်တွေဟာ နွေဦးပရိတ်သတ်အဖို့တော့ကောင်းသတင်းတွေပေါ့။ စစ်အုပ်စုဘက်တော်သား မှန်သမျှ လူထုအပေါ်ကောင်းကျိုးပြုနေသူရယ်လို့မှမရှိတာ။ဒီသတင်းတွေအပေါ် ကောင်းချီးဩဘာတွေသောသောညံနေတုန်းမှာပဲ ဒေသခံတွေကတော့ ကမ္ဘာပျက်နှင့်ပြီ။

ရွှေကျင်မြို့က စစ်စခန်းသုံးခု တိုက်ခိုက်ဖျက်ဆီးခံရလို့ မြေပြင်မှာ စစ်ရှုံးသွားတဲ့ စစ်တပ်ဟာထုံးစံအတိုင်း ဝေ ဟင်ကို အားကိုးပြန်တယ်။အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ဒေသခံ သောင်းဂဏန်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ဆိုပါတယ်။

စစ်စခန်းတွေဆီကနေ KNU ကရလာတဲ့ လက်နက်ခဲယမ်းဓာတ်ပုံတွေကို ဝေမျှရင်း “အလှူကြီးပေးပြီဟေ့”လို့ အဝေးနေသူတွေ ပျော်ကြ၊နှစ်ထောင်းအားရကြပေမယ့် အသက်လုပြေးနေကြရတဲ့ဒေသခံတွေကို မှတ်မှတ် ထင် ထင် သတိရကြသူကတော့ နည်းပါလိမ့်မယ်။ကျိုက်မရော ချောင်းနှစ်ခွရဲစခန်း တိုက်ပွဲမှာလည်း မြေပြင်မှာ KNLA ပူးပေါင်းတပ်က အသာရခဲ့တယ်။ရဲစခန်းကို စီးနင်းပြီး လက်နက်တွေသိမ်းနိုင်ခဲ့သလို စခန်းမှူးအပါအဝင် စစ်ကောင်စီရဲတချို့ သေသလိုထွက်ပြေးသူပြေး၊ အရှင်အဖမ်းခံရသူလည်း အဖမ်းခံရ…။

ဒေသခံတွေကတော့ ထုံးစံအတိုင်း ပြေးကြရုံမှတပါး အခြားမရှိပေါ့။စစ်ကိုင်းတိုင်းမှာလည်းဒီသီတင်းပတ်ထဲမှာပဲ ဒီ အဖြစ်မျိုးရှိခဲ့တယ်။မြောင်မြို့၊ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ် ရိက္ခာလို့ဆိုတဲ့ဆန်သင်္ဘောကို ကာကွယ်ရေးတပ် တွေက စီးနင်းတိုက်ခိုက်ခဲ့တယ်။

အဲ့ဒီကရလာတဲ့ ဆန်အိတ်တွေကို ဒေသခံတွေကိုလည်း ပေးဝေခဲ့တယ်လို့ကာကွယ်ရေးတပ်ကဆိုပါတယ်။အဲ့ ဒီနောက်ရက်ပိုင်းအကြာမှာတော့ စစ်ကောင်စီတပ်ဟာရေစကြိုနဲ့မြောင်အစပ် ချင်းတွင်းမြစ်ကမ်းတလျှောက်က ရွာရှစ်ရွာကို မီးတင်ရှို့ပါတော့တယ်။

တကယ်တော့လည်း ရွာမီးရှို့ခံရတယ်ဆိုတာ စစ်ကိုင်းအဖို့တော့ မဆန်းနိုင်တော့ဘူး။ဘယ်လောက်အထိမဆန်း တော့တာလဲဆို စစ်ကိုင်းက ကျေးလက်နေလူထုအဖို့ စစ်ကြောင်းဝင် ထွက်ပြေး၊အိမ်မီးရှို့ခံရ၊စစ်ကြောင်းပြန်၊ ရွာ ထဲပြန် ဆိုတဲ့ဓလေ့ကြီးကိုဖြစ်လို့…။

ရွာမီးရှို့ခံရ ဆိုပြီးခေါင်းစဉ် တပ်ထားတဲ့သတင်းတွေ များလွန်းလို့သာ လူတွေက ထုံအီသွားကြတာ..။ ခံရသူတွေ အဖို့တော့ ဘဝတွေနဲ့ ရင်းလိုက်ရတာမျိုးပေါ့။ဒါပေမယ့်လည်း အဲ့ဒီပြာပုံထဲက၅မျဉ်းစောင်းတွေကတော့ “စစ်ခွေး သင်္ချိုင်း စစ်ကိုင်းတိုင်း”ဟေ့လို့ ကြွေးကြော်နေကြတုန်းပါပဲ။

စောစောတုန်းက မွန်ပြည်နယ်က လာတဲ့သတင်းကောင်းတော့ ပြောခဲ့ပြီးပြီ။ ဒီတခါသတင်းဆိုးအလှည့်..။မော် လမြိုင်မြို့ထဲ အပြန်အလှန်ပစ်ခတ်မှုဖြစ်သတဲ့။ကော့ကရိတ်မြို့မှာလိုနွေဦးဘက်က အရင်မြို့ထဲဝင်တိုက်တဲ့ တိုက် ပွဲမျိုးတော့မဟုတ်ခဲ့..။

PDF တွေရှိတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီက မော်လမြိုင်မြို့ ဇေယျာ(၃)ရပ်ကွက်ကနေအိမ်တအိမ်ကို ပိတ် ဆို့ဖမ်းဆီးဖို့ကြိုးစားရာက အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တယ်လို့သတင်းတွေကဆိုတယ်။မြို့တွင်းမှာ ပိတ်ဆို့ ခံရပြီဆိုမှတော့ဘယ်လောက်ကြာကြာတောင့်ခံနိုင်မတဲ့လဲ…။

ဒါတောင် အဲ့ဒီအိမ်ထဲက PDF ဆိုတဲ့ လူငယ်တွေဟာ နာရီနဲ့ချီခုခံပစ်ခတ်ခဲ့ကြသေးတယ်။နောက်ဆုံးသတင်း တွေ အရကတော့ ငါးဦးအဖမ်းခံရတယ်လို့ဆိုပါတယ်။ဒဏ်ရာရထားသူတွေလည်းပါတယ်လို့ ဆိုတယ်။ အပြန်အလှန် ပစ်ခတ်ကြချိန်မှာစစ်ကောင်စီဘက်က သေဆုံးထိခိုက်တာတွေလည်း ရှိတယ်လို့ သတင်းတွေမှာဖော်ပြတယ်။

ဒီသတင်းကို ဖတ်မိသူတိုင်း မလွဲမသွေ တွေးမိကြမှာကတော့ အာဏာရူးတွေလက်ထဲက လူငယ်တွေရဲ့ငရဲခန်း တွေအကြောင်းပါပဲ။တွေးမိရုံနဲ့ နှလုံးသည်းပွတ်ထဲအထိ နာကျင်ရတဲ့အဖြစ်အပျက်တွေပေါ့။ရက်နည်းနည်း လောက်အကြာမှာ ဒီလူငယ်တွေဟာ လူအများရဲ့ စိတ်အာရုံထဲကပျောက်ကွယ်သွားကြရဦးမှာ..။

စစ်မိစ္ဆာတွေလက်ထဲ သက်ဆင်းသွားသူမှန်သမျှ အနည်းဆုံးတော့ စိတ်နဲ့ ခန္ဓာဒဏ်ရာဒဏ်ချက်တွေကိုယ်စီနဲ့ ချည်းမို့လား။အဲ့ဒီလို အနည်းဆုံး ဒုက္ခလောက်နဲ့တင် ပြီးမသွားတဲ့ပြည်သူတွေ၊PDF တွေလည်း ဒုနဲ့ဒေးပါပဲ။ ဒီသတင်းပတ်ထဲက မုံရွာက အဖြစ်ကိုပဲကြည့်။

မုံရွာမြို့တောင်ဘက် ရွာတွေကို စစ်ကြောင်းထိုးမွှေနှောက်နေတဲ့ စစ်ကောင်စီဟာ ဒေသခံတွေရော PDFတွေကိုပါ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ တစစီဖြစ်ကျန်ရစ်တဲ့အထိသတ်ဖြတ်ချန်ရစ်ခဲ့ကြတာ။သေဆုံးသူတွေဟာ အသက်နဲ့ ခန္ဓာ မခွဲခွာခင် ဘယ်လိုနားကျည်းစရာတွေနဲ့ကြုံခဲ့ရသလဲဆိုတာတော့ ကာယကံရှင်တွေနဲ့ စစ်မိစ္ဆာတွေကိုယ်တိုင် သာပြောနိုင်တော့မယ်။

မြန်မာလူထုရဲ့ နေ့စဉ်ဘဝမှာ မီးလောင်ပြင်ဖြစ်သွားတဲ့နေအိမ်တွေ၊ကျေးရွာတွေ၊ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့ ရုပ်အလောင်းတွေနဲ့သာ မြင်တွေ့ကြားသိရင်းနှီးနေရတဲ့အထိ ဒုက္ခပင်လယ်ဝေနေပေမယ့် နိုင်ငံတကာအဖို့တော့လက်တွေ့ထိထိရောက်ရောက်ကူညီဖို့ အချိန်မကျနိုင်သေးဘူး။

အာဆီယံ စာပွဲဝိုင်းပေါ်က မြန်မာ့အရေးဆွေးနွေးသံတွေထပ်ကြားရတဲ သီတင်းပတ်ဖြစ်ပေမယ့်လတ်တလော မြန်မာလူထုအတွက် လက်တွေ့ကျတဲ့ အကူအညီ၊အရေးယူမှုတွေလုပ်မယ့်အရိပ်အယောက်တော့ မတွေ့ရ သေး ပါဘူး။

ဒါပေမယ့် အာဆီယံဟာ မြန်မာက စစ်ဗိုလ်ချုပ်တွေရဲ့ လူမဆန်မှုတွေကို ရပ်တန့်ဖို့ခြေတလှမ်းပိုတိုးလာတယ် လို့တော့ ယူဆစရာတွေရှိတယ်။မင်းအောင်လှိုင်ကိုယ်တိုင်ကတိပြုခဲ့ပြီးအခုအထိမလိုက်နာသေးတဲ့ ဘုံသဘော တူညီချက်ငါးချက်ကို ဆက်စွဲကိုင်ထားတယ်ဆိုပေမယ့်တိကျတဲအချိန်၊လက်တွေ့ကျကျ အကောင်အထည် ဖော် နိုင်ဖို့ တွန်းအား ထပ်ပေးတဲ့ဆုံးဖြတ်ချက်မျိုးကိုတော့ ဒီတခေါက် အာဆီယံစားပွဲဝိုင်းကနေ ချမှတ်ခဲ့တယ်။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် နွေဦးဟာ ကိုယ်ထူကိုယ်ထ တော်လှန်ရေးလို့ လူထုရင်ထဲမှာ စွဲမှတ်ပြီးတာကြာခဲ့ပါ ပြီ။လူဘယ်လောက်ထပ်သေပေးရဦးမှာလဲလို့…. မြန်မာလူထုက နိုင်ငံတကာကို မေးဖို့စိတ်ကူးမရှိတော့တာ ကြာ ခဲ့ပါပြီ…။